ဆီးအနံ့ဆိုးနေလား ... မိမိကျန်းမာရေးအတွက် ဆီးအရောင်နဲ့ အနံ့ကို ဂရုစိုက်ဖို့ လိုပါတယ်
အိမ်သာထဲရောက်ရင် ဆီး သွားပြီးတာနဲ့ တန်းပြီး ရေဆွဲချလိုက်ကြတယ် မဟုတ်လား။ ထွက်လာတဲ့ ဆီးအရောင်နဲ့ အနံ့ကိုရော သတိမူမိလားလို့ မေးပါရစေနော်။ ဆီးအနံ့ပြင်းနေရင် အရောင်မမှန်ခဲ့ရင်ဖြင့် ကိုယ် ဘာဖြစ်နေလဲ ကျန်းမာရေးရှုထောင့်ကနေ ဆင်ခြင်ကြည့်လို့ရအောင်ပါ။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့အရာဆိုတော့ကာ ကိုယ်ဂရုမစိုက် ဘယ်သူဂရုစိုက်မလဲနော်။
ဆီးက ပုံမှန်ဆို အဝါနုဖျော့ဖျော့အရောင်ဖြစ်ပြီး ကြည်လင်နေရမှာ ဖြစ်ပါတယ်။ အနံလည်း သိပ်မထွက်သင့်ပါဘူး။ တကယ်လို့ ဆီးအရောင်က ရင့်နေပြီး အနံလည်း ပြင်းနေရင် ရေသောက်နည်းတာကို ပြပါတယ်။ ရှမ်းပြည်၊ ကချင်ပြည်လို အေးတဲ့ဒေသမှာ နေသူတွေ ရေသောက်နည်းသလို အညာဆောင်းတွင်းတွေမှာ အအေးဒဏ်ကြောင့် ရေသောက် အလိုလိုနည်းနေတတ်ပါတယ်။ ရေများများသောက်ပြီး ဆီးကို ပုံမှန်အရောင်ရအောင် ပြန်လုပ်ပေးနိုင်ပါတယ်။
ကြက်သွန်တို့၊ မှိုတို့၊ ဟင်းခတ်အမွှေးအကြိုင်ပြင်းပြင်းတွေ သုံးထားတဲ့ ဟင်းတွေစားပြီးနောက် ဆီးနံ့က တစ်မျိုးထွက်နေတတ်ပါတယ်။ ကော်ဖီ သောက်သိပ်များရင်လည်း ကော်ဖီဓာတ်က ရေမှာ ကောင်းကောင်း မပျော်ဝင်တာကြောင့် ဆီးထဲမှာ ပါလာတတ်ပါတယ်။
ဆီးက နောက်ကျိနေပြီး သွေးစလေးတွေပါမယ်၊ အနည်တွေပါသလို ထင်မိနေရင် ဆီးလည်း နံမယ်၊ ဆီးသွားတိုင်း ကျင်တက်နေမယ်၊ နာမယ်ဆိုရင်ဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေပြီလို့ ဆိုနိုင်ပါတယ်။
ပဋိဇီဝဆေးတချို့ ဗီတာမင်အားဆေးတွေ စသောက်ရင်လည်း ဆီးအနံ့ထွက်တာအပြင် အရောင်ပြောင်းလာတတ်ပါတယ်။
ဆီး မကြာခဏသွားမယ်၊ ရေငတ်မယ်၊ ဆီးလည်း အနံ့ထွက်မယ် ဆိုရင်ဖြင့် ဆီးချိုဖြစ်နိုင်တာမို့ သွေးဖောက်စစ်ဆေးဖို့ လိုပါတယ်။
ဒီတော့ ဆီးအနံ့ သာမက အရောင်နဲ့ တခြားလက္ခဏာတွေကို သိထားရင်ဖြင့် ဆီးကို ကြည့်ပြီး ကိုယ့်ကျန်းမာရေးကို ဆန်းစစ်နိုင်ပြီပေါ့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















