ဆောင်းရာသီမှာ ကျန်းမာအောင်
ဆောင်းတွင်းတွေ မအေးတော့တာကြာပြီဆိုတဲ့ ညည်းညူသံတွေ ကြားသွားလို့လားတော့ မသိဘူးနော်။ ဒီနှစ်ဆောင်းလေးက New Year နီးလာတာနဲ့အမျှ ချမ်းစိမ့်စိမ့်နဲ့ နေလို့အကောင်းသား။ ဗီဒိုထဲ ချောင်ထိုးထားတဲ့ ဆွယ်တာတွေ၊ အနွေးထည်တွေ အပြေးအလွှား ကောက်ဝတ်ကြပြီပေါ့။ ဆောင်းရာသီရောက်လာလို့ လေအေးလေးဝင်၊ ချမ်းမြမြဖြစ်လာပြီဆိုရင် ကျန်းမာရေးကလည်း အရေးကြီးလာပြီလေ။
ဆောင်းတွင်းကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်အောင် နည်းလမ်းလေး (၅) မျိုးကို ပြောပြပေးလိုက်မယ်နော်။
၁။ လင်းလင်းချင်းချင်းနေပါ။
နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းဥတုမှာ မှုန်မှုန်မှိုင်းမှိုင်းနဲ့ လေးပင်စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းအောင် မီးတွေ လင်းထိန်နေအောင်ဖွင့်ပြီး လင်းလင်းချင်းချင်းနေပါ။
၂။ နာတာ ကျင်တာ သက်သာအောင်လုပ်ပါ။
ဆောင်းတွင်းရောက်လို့ ရာသီဥတုလေး အေးလာပြီဆိုရင် အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတတ်ကြပါပြီ။ အအေးထဲမှာ အဆစ်အမြစ်တွေဟာ တောင့်တင်းနေပြီး မနက်ခင်း အိပ်ရာကနိုးခါစမှာ အကြောတွေပျော့ပြောင်းဖို့ အချိန်ယူရပါတယ်။ ဒါကြောင့်လည်း ဆောင်းတွင်းဆိုရင် မလုပ်ချင် မကိုင်ချင် ထိုင်နေမိတာ များတတ်ပါတယ်။ အေးလာတဲ့အခါ ကြွက်သားတွေလည်း တောင့်တင်းလာတတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ နှိပ်နယ်ပေးတာ၊ ရေနွေးအိတ် အပူကပ်တာ စသဖြင့် လုပ်ပေးနိုင်ပါတယ်။ အပူက သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။
၃။ ကောင်းကောင်း အိပ်ပျော်အောင်အိပ်ပါ။
နေထွက်တာစောပြီး နေရောင်အရနည်းတာကြောင့် ခါတိုင်းထက်ကို လေးလံပြီး အိပ်ငိုက်နေမှာပါ။ ဒါကြောင့် ညဘက်ကို ကောင်းကောင်းအိပ်ပျော်အောင်အိပ်ပြီး အားဖြည့်ဖို့ လိုပါတယ်။ အိပ်ချိန်၊နိုးချိန်ကို ပုံမှန်ထားပါ။ ညမအိပ်ခင် ရေနွေးလေးနဲ့ ရေချိုးတာမျိုး၊ အကြောလျှော့တာလိုမျိုး အကျင့်လေးတစ်ခု လုပ်ထားပါ။ နေ့တိုင်း လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ ညဘက် အိပ်မပျော်တတ်ရင် နေ့လယ်နေ့ခင်း တရေးတမောအိပ်တာမျိုးကို ရှောင်ပါ။ အိပ်ရာတွေ၊ ခေါင်းအုံးတွေ သက်သောင့်သက်သာရှိအောင် ထားပါ။
၄။ ရေဓာတ် ပြည့်ဝအောင်နေပါ။
နွေပူပူတုန်းက ရေဘူးကို တစွတ်စွတ် ဖွင့်သောက်နေရသလို ဆောင်းအေးအေးမှာလည်း ရေဓာတ်ပြည့်ဝအောင် သောက်ဖို့က အရေးကြီးပါတယ်။ အသက်ရှူတာ၊ ချွေးထွက်တာ၊ ဆီးသွားတာ စတာတွေကနေ ရေဓာတ်တွေ ဆုံးရှူံးနေတာမို့ ရေသောက်ပေးဖို့ မမေ့ပါနဲ့။ ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေဖြစ်တဲ့ နုံးနေတာ၊ ခေါင်းမူးတာ၊ အာရုံမစူးစိုက်နိုင်တာ၊ အသားအရေတွေ၊ ပါးစပ်တွေ ခြောက်ခမ်းတာ၊ ရေဆာတာ စတဲ့လက္ခဏာတွေကို စောင့်ကြည့်ပါ။ ရေတင်မကပါဘူးနော်။ စွပ်ပြုတ်တို့၊ အရည်ရွှမ်းတဲ့အသီးတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီး၊ ဆလပ်ရွက်၊ ပန်းသီး စတာတွေကလည်း ရေဓာတ် များစေပါတယ်။
၅။ အစိုဓာတ်ကို ပြန်ဖြည့်ပါ။
အအေးဓာတ်လေး ဝင်လာတာနဲ့ အစိုဓာတ်ကလည်း ကျလာတော့တာပေါ့။ လေအေးအေးထက်စာရင် လေနွေးနွေးက အစိုဓာတ်ကို ပိုထိန်းနိုင်လို့ပါ။ အစိုဓာတ်ကျတော့ အသားအရေတွေ ခမ်းခြောက်လာမယ်၊ နှုတ်ခမ်းတွေ အက်ကွဲလာမယ်၊ မျက်လုံးတွေ ယားယံလာမယ်၊ လည်ချောင်းတွေ ယားလာမယ်။ နှာခေါင်းအတွင်းသားတွေ ခြောက်လာတဲ့အခါ နှာခေါင်းသွေးလျှံတဲ့အထိတောင် ဖြစ်လာတတ်ပါတယ်။ ပန်းနာရင်ကြပ် ဖြစ်တတ်သူတွေမှာ လေအေးအေးခြောက်ခြောက်ကြီးက လေလမ်းကြောင်းကို ကျဉ်းသွားစေပြီး ပန်းနာရင်ကြပ် ထစေတတ်ပါတယ်။
ရေငွေ့ပေးစက်က လေထဲမှာ အစိုဓာတ်ကို ပြန်ထိန်းပေးပြီး အစိုထိန်းခရင်မ်တွေက အသားအရေကို ပြန်လည်စိုပြေစေနိုင်ပါတယ်။ တစ်နေကုန် ရေဓာတ်ပြည့်ဝနေဖို့ ရေ တောက်လျှောက်သောက်ပေးပါ။ ရေပူပူကြီး ကြာကြာချိုးမယ့်အစား ရေနွေးနွေးလေးကို မြန်မြန်ချိုးပေးပါ။ ဒါမှ အသားအရေတွေ မခြောက်သွေ့မှာပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)















