ဇက်နာနေပါသလား?
မနက်ခင်းတွေမှာ အိပ်ရာနိုးတဲ့အခါ ညဘက်က အိပ်ပုံ မမှန်တာကြောင့် ဇက်နာတာမျိုး ဖြစ်ဖူးကြမှာပါ။
အခုခေတ်မှာ ကွန်ပျူတာ၊ လက်ပ်တော့၊ ဖုန်းတွေနဲ့ ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်လာရတဲ့အတွက် ဇက်နာတာ အလွန်အဖြစ်များလာပါတယ်။
ဒီလို ကွန်ပျူတာတွေ၊ ဖုန်းတွေတင် မကပါဘူး။ ဇက်နာစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။
>> ဘာတွေကြောင့် ဖြစ်နိုင်သလဲ?
အဓိက,က ထိုင်ခုံမှာထိုင်ပြီး အလုပ်လုပ်တဲ့အခါ ကျောပြင်ဆန့်မထိုင်ဘဲ ကုန်းနေတတ်ပါတယ်။ ဒီလိုကုန်းနေတဲ့အခါ ကျောပြင်နဲ့ လည်ပင်း၊ ပခုံးတွေမှာ ဖိအားများလာပြီး လည်ပင်းတွေ တောင့်တင်းနာကျင်စေတဲ့အပြင် ခေါင်းကိုက်စေနိုင်တတ်ပါတယ်။
ညဘက်အိပ်တဲ့အခါ ခေါင်းအုံးတွေ၊ မွေ့ရာတွေက သက်သောင့်သက်သာ မရှိလု့ိသေ်ာလည်းကောင်း၊ ခေါင်းထားပုံ မမှန်လို့သော်လည်းကောင်း နိုးတဲ့အချိန်မှာ ဇက်နာနေတတ်ပြီး တစ်ဖက်တောင် စောင်းမရတာမျိုး ဖြစ်နိုင်ပါတယ်။
>> လေ့ကျင့်ခန်း အလုပ်များတာကြောင့် ဖြစ်နိုင်သလား?
ဖြစ်နိုင်ပါတယ်။ ဥပမာ - နောက်ပစ်ရေကူးသူတွေ၊ ရက်ဘီဘောလုံးကစားသူတွေ၊ လေးပစ်သမားတွေနဲ့ အခြားလည်ပင်းတင်း အားအသုံးများသူတွေမှာ နာကျင်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အကြောမလျှော့ရင်လည်း နာနေတတ်ပါတယ်။
>> အဖြစ်အများဆုံး လည်ပင်းပြဿနာက ဘာလဲ?
လည်ပင်းနားမှာ တင်းအား ရုတ်တရက် များလို့သော်လည်းကောင်း၊ ကြာရှည် များလာလို့သော်လည်းကောင်း နာကျင်ကိုက်ခဲတာ များပါတယ်။
>> ဆရာဝန်ပြရလောက်အောင် ပြင်းထန်တဲ့လက္ခဏာတွေက ဘာလဲ?
အကိုက်အခဲပျောက်ဆေးနဲ့ မသက်သာတဲ့အခါ သတိထားပါ။ ဒါ့အပြင် လက်တစ်လျှောက် ထုံကျဉ်နေတာ၊ ခံစားမှု မရှိတော့တာ၊ ခေါင်း ဆိုးဆိုးရွားရွားကိုက်တာ၊ အထူးသဖြင့် ခေါင်းငုံ့လိုက်တိုင်း ခေါင်းကိုက်နေတာတွေနဲ့ တွဲနေခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
>> ဇက်မနာအောင် ဘယ်လိုကာကွယ်ရမလဲ?
လည်ပင်းမှာ စုလာတဲ့ကြွက်သားတင်းမှုတွေ သက်သာစေအောင် လည်ပင်းအကြောလျှော့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ အပူအိတ်ကပ်ပေးခြင်းကလည်း လည်ပင်းကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက သက်သာစေနိုင်ပေမယ့် မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။
>> ဆရာဝန်က ဘာကုသမှုတွေ ပေးနိုင်မလဲ?
လည်ပင်းလေ့ကျင့်ခန်း ဘယ်လိုပြုလုပ်ရမလဲ?၊ ဘယ်အကိုက်အခဲပျောက်ဆေးတွေ သောက်ရမလဲဆိုတာ လမ်းညွှန်ပါလိမ့်မယ်။ အကယ်၍ လည်ပင်းပုံသဏ္ဌာန်မမှန်လို့ ဖြစ်တာမျိုးဆိုရင် ကိုယ်လက် ပြန်လည်သန်စွမ်းရေးဌာနမှာ လေ့ကျင့်ခန်း လုပ်ယူနိုင်ပါတယ်။ အပ်စိုက်ကုထုံးကလည်း အလုပ် ဖြစ်တတ်ပါတယ်။
>> ရုံးထိုင်သမားတွေ ဇက်မနာရအောင် ဘာလုပ်သင့်သလဲ?
ကွန်ပျူတာမျက်နှာပြင်ကို မော့ကြည့်နေရတာ၊ လည်ပင်းပုံစံ မမှန်တာ၊ သက်သောင့်သက်သာမရှိတဲ့ အနေအထားမှာ ၆ နာရီကနေ ၈ နာရီကြာအောင် ထိုင်နေတာတွေဟာ ဇက်နာစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံး တစ်ပြေးညီဖြစ်မယ့် ခုံအနေအထားနဲ့ ထိုင်သင့်ပါတယ်။ ဖုန်းကို နားနဲ့ ပခုံးကြား ညှပ်ပြောတာမျိုးကို ရှောင်ပါ။ အကြောဖြေ အညောင်းဆန့်ဖို့ နားချိန်လေးတွေ ထားပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















