ဇီကာ 3 D ပုံရိပ်ထုတ်ဖော်ခြင်းနှင့် WHO မှ ကြော်ငြာချက်
ခြင်မှတဆင့်သယ်ဆောင်တဲ့ ဇီကာဗိုင်းရပ်ကို တိုက်ထုတ်နိုင်ရေးနဲ့ပတ်သက်ပြီး ရှာဖွေစူးစမ်းလေ့လာနေကြရာမှ ဇီကာဗိုင်းရပ် 3 D ပုံရိပ် ထုတ်ဖော်နိုင်မှုတစ်ခုနဲ့ WHO က ၄င်းဗိုင်းရပ်စ်ပိုးနဲ့ ရုတ်တရက် ပျော့ခွေအကြောသေခြင်း (guillain-barre syndrome) ၊ မွေးရာပါဦးနှောက်သေးခြင်း (Microcephaly) တို့အကြား ဆက်စပ်မှုရှိသည်မှာ သေချာသွားပြီဆိုတဲ့ ကြော်ငြာချက် တစ်ရပ်တို့ ဒီရက်ပိုင်းအတွင်း ပေါ်ပေါက်လာပါတယ်။
ဇီကာဗိုင်းရပ် 3D ပုံရိပ် ကို အမေရိကန်နိုင်ငံ Indiana ရှိ Purdue Universityမှ သုတေသီများက ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး ၄င်းပုံရိပ်ဟာ ကာကွယ်ဆေးဖော်ရာမှာနဲ့ ကုသမှုပေးရာမှာ အကူအညီ အထောက်အပံ့များစွာ ရစေနို်င်ကြောင်း သိရပါတယ်။ ဒီပုံရိပ်ကို ကြည့်ပြီး သူနဲ့ ဆင်တူတဲ့ ဗိုင်းရပ်စ်တွေဖြစ်တဲ့ Dengue Virus ၊ West Nile Virus တို့နဲ့ နှိုင်းယှဉ်လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် ပုံရိပ်ကိုအခြေခံပြီး လူတွေရဲ့ကိုယ်ခံစွမ်းအားစနစ်မှ ထုတ်လုပ်တဲ့ antibodies က ဇီကာဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်သလားဆိုတဲ့ ကာကွယ်ဆေးထွက်ပေါ်လာရေးမှာ အရေးကြီးတဲ့ အချက်အလက်ကိုလည်း လေ့လာသွားနိုင်မှာ ဖြစ်ပါတယ်။
WHO မှ Dr Hill-Cawthorne က “ နယူးဇီလန် အပါအ၀င် နိုင်ငံ 6 နိုင်ငံမှာ ခြင်ကြောင့် မဟုတ်ဘဲ ရောဂါပိုးကူးစက်ခံရတဲ့လူမှ တဆင့် လူအချင်းချင်း ကူးစက်လာတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ ဇီကာဖြစ်နေတဲ့ နေရာကပြန်လာရင် (သို့) ဇီကာရောဂါပိုးကူးစက်ခံထားရရင် 6 ပတ်တိတိ လိင်ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးအသုံးပြုဖို့လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Mg Hlaing Thwin















