/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ည-အိပ်မပျော်ဘူးလား

ည အိပ်မပျော်ဘူးလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        တလောကလုံး အိပ်စက်အနားယူနေချိန်မှာ တချို့လူတွေမှာတော့ ညအိပ်မပျော်ဘဲ တလူးလူး တလိမ့်လိမ့် နိုးနေတတ်တယ်။ အိပ်မပျော်ခြင်းဟာ အရွယ်ရောက်ပြီးသူ ၃ ပုံ ၁ ပုံလောက်မှာ တစ်ချိန်ချိန် ကြုံတွေ့ရတတ်တာကြောင့် အဖြစ်များတဲ့ ပြဿနာတစ်ရပ်ပါပဲ။

          ဒီပြဿနာဟာ အင်အားကုန်ခမ်း ဆုတ်ယုတ်စေတတ်တဲ့ အခြေအနေတစ်ရပ်ဖြစ်တာကြောင့် ရောဂါလက္ခဏာတွေကို သတိထားမိပြီး ဆရာဝန်တွေနဲ့ ပြသကုသဖို့လိုတယ်။ အိပ်ရေး ကောင်းကောင်းမဝတဲ့အခါ စိတ်ဓာတ်ကျခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစား-၂၊ သွေးတိုး၊ နှလုံးရောဂါ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုပြဿနာတွေ ဖြစ်လာတတ်တယ်။ ရုပ်ကိုလည်း ရင့်စေတတ်တယ်။

 

>>    ရောဂါရှာဖွေခြင်း

          ည အိပ်မပျော်တာ အရမ်းဆိုးလာတာပဲဖြစ်ဖြစ်၊ နာတာရှည်ဖြစ်လာတာပဲဖြစ်ဖြစ် ဆရာဝန်နဲ့ ပြဖို့လိုအပ်တယ်။

          ဆရာဝန်နဲ့ပြတဲ့အခါ ဆရာဝန်က အအိပ်ပုံစံကို မေးမြန်းလိမ့်မယ်။

●        ညဘက် ဘယ်အခိျန်အိပ်ရာဝင်ပြီး ဘယ်အချိန် အိပ်ရာထလဲ?

●        ည အိပ်ပျော်ဖို့ ဘယ်လောက်ကြာလဲ?

●        ဘယ်လောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်လို့ ထင်လဲ?

●        (အိမ်သာ ထသွားရတာ၊ နာရီကို ထိုင်ကြည့်နေတာ မဟုတ်ဘဲ) အိပ်ရာဝင်ပြီး တကယ်အိပ်တာက ဘယ်လောက်ရှိသလဲ?

●        ဆေးလိပ်သောက်လား? ကော်ဖီသောက်လား? လေ့ကျင့်ခန်း ဘယ်လောက်လုပ်သလဲ? နေ့လယ် တရေးတမော အိပ်သေးလား?

●        အိပ်ရာထဲ ရောက်သွားတဲ့အခါ အိပ်တာအပြင် တီဗီကြည့်တာ၊ အလုပ်လုပ်တာတွေ လုပ်သေးလား? အိမ်ထောင်ဘက်က အချိန်မတော်အိပ်တာမျိုး၊ ခွေးကို အိပ်ခန်းထဲ ခေါ်အိပ်တာ၊ ခွေးဟောင်တာတွေ ရှိ/မရှိကို ဆရာဝန်ကို ပြောပြဖို့လိုတယ်။

●        ဘဝအခြေအနေတွေရော အဆင်ပြေလား? အလုပ်အကြောင်း စိတ်ပူနေတာ၊ မိသားစု အဆင်မပြေတာ၊ တခြားစိတ်ဖိစီးမှုများစရာ အကြောင်းရင်းတွေ ရှိနေလား?

 

>>    ကိုယ်စိတ်နှလုံး ကျန်းမာရေးကိုလည်း ဆွေးနွေးပေးဖို့လိုတယ်။

●        စိတ်ဓာတ်ကျနေတာ၊ စိတ်ပူပန်နေတာ၊ စိတ်အတက်အကျ အစွန်းရောက်ရောဂါတေ ွရှိနေတာ ရှိလား? စိတ်ခံစားမှုပြဿနာ၊ စိတ်ရောဂါတွေ ဖြစ်ခဲ့ဖူးသလား?

●        ခေါင်းကိုက်၊ ရင်ပူ၊ ပန်းနာရင်ကြပ်၊ ခန္ဓာကိုယ်အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း Fibromyalgia ရောဂါတွေ ရှိနေသလား?

●        ညအိပ်ပျော်ချိန် အသက်ရှူ ရပ်ရပ်သွားတဲ့ရောဂါ Apnoea ရောဂါ၊ ညဘက် ခြေထောက် အငြိမ်မနေနိုင်ခြင်း restless leg syndrome စတဲ့ တခြားအအိပ်ပြဿနာတွေ ရှိသလား?

●        ဘာဆေးတွေ သောက်နေသလဲ?

 

>>    ကုသနည်းတွေ

          လူအများစုဟာ တစ်ဘဝလုံး အိပ်မပျော်ခြင်းနဲ့ ထွေးလျားလုံးပတ်ပြီး အကူအညီတောင်းခံလို့ရမှန်းမသိ ဖြစ်နေတတ်တယ်။ အိပ်မပျေ်ာတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ ကုသမှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘာကြောင့် အိပ်မပျော်တာလဲဆိုတာကို စုံထောက်လို လိုက်ရှာဖို့လိုတယ်။

 

>>    အိပ်ခြင်းကို နည်းလမ်းအသစ်တွေနဲ့ ချဉ်းကပ်ပါ။

          ဆရာဝန်က အိပ်တာကို အထူးပြုထားတဲ့ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ပြခိုင်းတတ်တယ်။ ညဘက် အိပ်ရာထဲမှာ အိပ်မပျော်ဘဲ အိပ်မပျော်တာကို စိုးရိမ်နေတာ၊ နိုးနိုးနေလို့ စိတ်တိုနေတာတွေက အိပ်ရာမှာကို စိတ်ညစ်လာတတ်တယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ မပြီးမပြတ်တဲ့ စက်ဝိုင်းကြီး လည်တော့တာပါပဲ။ စိတ်ရောဂါဆရာဝန်က ဒီနည်းလမ်းတွေ ကြိုးစားကြည့်စေပါလိမ့်မယ်။

●        ညမအိပ်ခင် အသက်ကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာလိုမျိုး စိတ်ပြေလျော့စေတဲ့ နည်းလမ်းလေးတွေ ပြုလုပ်ကြည့်ကြပါ။

●        အိပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာကို ပယ်ရှားပါ။

●        အိပ်ရာထဲ ရောက်တဲ့အခါ အိပ်ဖို့ ကိုယ့်ကိုယ်ကို အားပေးပါ။ ညဘက်မှာ အိပ်ပျော်ပျော် မပျော်ပျော် သတ်မှတ်ထားတဲ့အချိန်မှာ မနက်ထပြီး ညနေခင်းမှာ အိပ်ချင်နေရင်တောင် မအိပ်ဘဲ သတ်မှတ်ထားတဲ့အချိန်ကျမှ အိပ်ရာဝင်ပါ။ အိပ်ရာဝင်ပြီးပြီးချင်း အိပ်မပျော်ရင် တခြားအခန်းကို ပြောင်းပါ။ အိပ်ရာထဲမှာ အိပ်မပျော်ဘဲ တလူလူး တလိမ့်လိမ့်ဖြစ်နေတာကို သက်သာစေပါလိမ့်မယ်။

●        အအိပ်စက်ဝန်းမှန်အောင် ဦးနှောက်ကို ကူပါ။ နေ့ခင်းဘက်မှာ အလင်းစူးစူးကြီးတွေပြပြီး ညနေဘက်မှာ အလင်းကို မှိန်ချလိုက်ပါ။ ဒါမှမဟုတ် အအိပ်ဟော်မုန်း melatonin သောက်ပေးလို့လည်း ရတယ်။

●        ဆေးတွေကို အကျိုးရှိရှိ အသုံးပြုပါ။

            ○        ဆေးသောက်မယ် ဆိုပေမယ့်လည်း တခြားလူနေမှုပုံစံ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ဖို့လိုပါတယ်။

            ○        ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ antihistamine နှာဆေးပျောက်ဆေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲမှာ အိပ်ငိုက်တတ်တာလည်း ပါနေတယ်။ မူးဝေစေတာ၊ မှတ်ဉာဏ်ပြဿနာတွေနဲ့ နေ့လယ်နေ့ခင်းမှာ အိပ်ငိုက်တတ်တာ စသဖြင့် ဆိုးကျိုးတွေ ဖြစ်စေတတ်တာကြောင့် ရေရှည်မှာတော့ မကောင်းပါဘူး။

            ○        ဆရာဝန် ဆေးစာနဲ့ ဝယ်ယူနိုင်တဲ့ အိပ်ဆေးတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ လူကြီးတွေမှာ ညညလဲကျတာတွေ ဖြစ်စေတတ်တယ်။ ဒါ့အပြင် တချို့ဆေးတွေ၊ အထူးသဖြင့် ဆေးဟောင်းတွေဟာ ဆေးစွဲလမ်းတာတွေ ဖြစ်စေတတ်တယ်။ ဒီဆေးတွေကို ယေဘုယျအားဖြင့်တော့ လနဲ့နှစ်နဲ့ချီပြီး မသုံးဘဲ ရေတိုပဲ သုံးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)