တချို့သူတွေ အရက်သောက်ထားရင် ဘာလို့မျက်နှာနီနေတာလဲ?
အရက်သောက်ထားရင် မျက်နှာနီရတဲ့ အဓိကအကြောင်းအရင်းကတော့ ခန္ဓာကိုယ်မှ အရက်ကို ဇီ၀ဖြိုခွဲခြင်းကြောင့် ဖြစ်ပါတယ်။ အရက်သောက်လိုက်တဲ့အချိန်မှာ သွေးပေါင်ချိန် မြင့်တက်လာကာ ခန္ဓာကိုယ်မှလည်း အရက်ကို acetaldehyde လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်အောင် ဖြိုခွဲလိုက်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှ ထိုဒြပ်ပေါင်းကို ဇီ၀ဖြစ်စဉ်နဲ့ မဖြိုခွဲနိုင်တဲ့အချိန်မှာတော့ မျက်နှာတစ်၀ိုက်မှာရှိတဲ့ သွေးကြောမျှင်လေးတွေဟာ ကျယ်လာပြီး မျက်နှာကိုနီမြန်းစေတာ ဖြစ်ပါတယ်။
အရက်သောက်တဲ့အချိန်မှာ မျက်နှာနီမြန်းလာတဲ့ အမျိုးသားတွေဟာ သွေးပေါင်ချိန် ပိုမိုမြင့်တက်လာနိုင်တာကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေကို ပိုမိုခံစားရစေနိုင်ပါတယ်။ ထို့ပြင် အရက်သောက်ခြင်းကြောင့် မျက်နှာနီမြန်းတတ်တဲ့သူတွေဟာ အစာရေမြိုကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
ထိုကဲ့သို့ အရက်ကြောင့် မျက်နှာနီမြန်းခြင်းကို ကုသဖို့ရာ ကုထုံးမရှိသလို အခြားဆက်စပ်နေတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း မကာကွယ်နိုင်ပါဘူး။ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမး်ကတော့ အရက် လုံး၀မသောက်ဖို့ပါပဲ။ ဒါကြောင့် အရက်သောက်သုံးချိန်မှာ မျက်နှာနီမြန်းတတ်တဲ့သူတွေဟာ အရက်ကို အကန့်အသတ်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
Dr. Thinzar Wynn















