တရားထိုင်ခြင်းဖြင့် စိတ်ခံစားမှုများကိုထိန်းချုပ်နိုင်ကြောင်းသက်သေပြ
အဆိုးမြင်တတ်တဲ့ခံစားချက်ရှိသူတွေမှာ တရားထိုင်ခြင်းဖြင့် အဆိုးမြင်တတ်တဲ့စိတ်တွေကိုထိန်းချုပ်နိုင်ပြီး အကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။
အမြဲသတိရှိခြင်းဆိုတာ ကျွနု်တို့ရဲ့ ခံစားမှု၊ အတွေး၊ ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ ပတ်ဝန်းကျင် ကို အချိန်တိုင်း အချိန်တိုင်း သတိမူမိပြီး သိရှိနေခြင်းဖြစ်ပါတယ်။ ဒါတွေအားလုံးအပြင် သတိရှိအောင်လေ့ကျင့်ခြင်းဖြင့် အချိန်တိုင်းမှဖြစ်ပျက်နေတဲ့အရာတွေကိုသတိထားမိပြီး သတိမူမိတဲ့အရာတွေကို လက်ခံခြင်းတွေရရှိစေပါတယ်။ တရားထိုင်ခြင်းဖြင့် ခုခံအားစနစ်ကောင်းခြင်း၊ အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ် တိုးတက်လာခြင်း၊ ဦးနှောက်ထဲမှာရှိတဲ့ gray matter သိပ်သည်းဆများလာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါတွေအပြင် ဂရုဏာ၊ မေတ္တာစိတ်များပွားများလာခြင်း၊ အမုန်းများကင်းဝေးခြင်း၊ စိတ်စွဲလမ်းမှုများကို ဖြတ်တောက်နိုင်ခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း တို့ကိုလည်းဖြစ်စေနိုင်ပါတယ်။
လေ့လာမှုအရ နဂိုကတည်းကသတိရှိပြီးသားသူတွေဖြစ်ဖြစ်၊ တရားထိုင်ပြီး သတိရှိနေအောင်လေ့ကျင့် ထားသူတွေမှာပဲဖြစ်ဖြစ် အမြဲသတိရှိခြင်းကြောင့် အဆိုးမြင်တတ်တဲ့ခံစားမှုတွေကို ထိန်းချုပ်လာနိုင်တာ ကိုတွေ့ရပါတယ်။
စိတ်ပညာသုတေသီအဖွဲ့က တရားတစ်ခါမှမထိုင်ဘူးတဲ့ အမျိုးသမီး 68 ယောက် ကို လေ့လာမှုပြုခဲ့ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ သတိရှိမှုတွေကတော့ အဆင့်အမျိုးမျိုးရှိပါတယ်။ ဒီ 68 ယောက်ကို နှစ်စုခွဲပြီး တစ်စုကိုတရားထိုင်နည်းကို နားထောင်နေစေပြီး နောက်တစ်ဖွဲ့ကို ဘာသာစကားသင်ကြားမှုတစ်ခုကို 18 မိနစ်စီ နားထောင်စေပါတယ်။ ပြီးတော့ သူတု့ိခေါင်းမှာ လျှပ်စစ်ဦးထုပ်ဆောင်းစေပြီး EEG မှှတ်တမ်းကိုလေ့လာခဲ့ပါတယ်။
ထို့နောက် 18 မိနစ်ကြာပြီးတဲ့အခါမှာ 2 ဖွဲ့စလုံးကို အလောင်းကဲ့သို့သော မနှစ်မြို့ဖွယ်ပုံရိပ်တွေကိုပြပြီး ဒါကို EEG နဲ့မှတ်တမ်းတင်ထားပါတယ်။ တရားထိုင်ခြင်းကိုထိတွေ့မှုရှိတဲ့ အဖွဲ့ကလူတွေက ဒီပုံတွေမြင်ပြီးနောက် ဦးနှောက်ခံစားမှုကိုလျှင်မြန်စွာရှုမြင်ပြီး ထိန်းချုပ်နိုင်တာကိုတွေ့ခဲ့ရပါတယ်။ ဒါက တရားထိုင်ခြင်းက ရိုင်းစိုင်းတဲ့အတွေးတွေကို ယဉ်ပါးအောင်လုပ်ပြီး ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြသလိုက် တာပဲ ဖြစ်ပါတယ်။
နဂိုကတည်းကသတိရှိနေပြီး ပတ်ဝန်းကျင်ကိုအမြဲသတိထားနေနိုင်ရင်တော့ ကောင်းပါတယ်။ သတိရှိမနေဘူးဆိုရင်တော့ တရားထိုင်ခြင်းဖြင့် အမြဲသတိရှိနေစေပါလိမ့်မယ်။ အစကတည်းကလည်း သတိမရှိ၊ တရားလည်းမထိုင်တဲ့သူတွေမှာတော့ အမြဲသတိချပ်နေဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တစ်နေ့ကို မိနစ် 20 ခန့်တရားထိုင်ခြင်းဖြင့် စိတ်ကိုပိုပြီး ကောင်းကောင်းထိန်းချုပ်နို််င်စေနိုင်ပါတယ်။
တရားထိုင်ခြင်းက စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး လေ့ကျင့်ယူနိုင်ပါတယ်။
Dr. Mya Myo Myo Swe















