တိုက်ဖွိုက် (ခေါ်) အူရောင်ငန်းဖျားရောဂါ
တိုက်ဖွိုက်ဟာ ကျွန်မတို့မြန်မာလူမျိုးများနဲ့ မစိမ်းတဲ့ရောဂါတစ်ခုပါပဲ။ အူရောင်ငန်းဖျားရောဂါလို့လည်း အရပ်စကားနဲ့ ခေါ်ဝေါ်ကြတဲ့ ဒီရောဂါဟာ Salmonella typhi ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ ရောဂါရှိနေသူရဲ့အညစ်အကြေးနဲ့ ထိတွေ့ထားတဲ့ မသန့်ရှင်းတဲ့ရေနဲ့အစာတွေကို စားသုံးမိရာကနေ ကူးစက်တတ်သလို ရောဂါရှိသူနဲ့ နီးကပ်စွာနေရာကနေလည်း ကူးစက်နိုင်ပါတယ်။
>> အောက်ပါလက္ခဏာတွေရှိနေရင် ဆေးခန်းသို့ ပြသပါ။
● ဖျားပြီး ဝမ်းချုပ်ခြင်း
● သင့်ကလေးဟာ ဂျီကျခြင်းနဲ့ အစာမဝင်ခြင်း
● သင့်မှာ အူရောင်ငန်းဖျားဖြစ်နေတယ်လို့ သံသယရှိခြင်း
>> အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ အရေးပေါ်ဆေးကုသမှုခံယူရပါမယ်။
● သင့်ကလေးငယ်ဟာ ငယ်ထိပ်တွေ ချိုင့်နေခြင်း၊ ငိုရင် မျက်ရည်မထွက်ခြင်း၊ ဆီးနည်းခြင်း
● သင့်သွေးပေါင် ရုတ်တရက်ကျခြင်း၊ မူးဝေခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း
● ပြင်းထန်သောဝမ်းလျှောခြင်း
● ဆီးနည်းခြင်း၊ ဆီးလုံးဝမသွားခြင်း
>> အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ လူနာတင်ကားကို ဖုန်းဆက်ဖို့လိုပါပြီ။
● အလွန်စိတ်ရှူပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ စကားပြန်မပြောနိုင်ခြင်း
● သင့်ကလေးငယ်မှာ ဖျားခြင်း၊ ဝမ်းလျှောခြင်း ဖြစ်ပေါ်ပြီးနောက် ဘာတုံ့ပြန်မှုမှ မပြုလုပ်နိုင်တော့ခြင်း
● ထင်ယောင်ထင်မှားမြင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မိမိရောက်ရှိနေသော နေရာ၊ အချိန်နဲ့ ဘေးပတ်ဝန်းကျင်ရှိလူများကို မှန်အောင်မပြောနိုင်ခြင်း
>> တိုက်ဖွိုက်ဖြစ်ခြင်းကို ဘယ်လိုကာကွယ်မလဲ?
(၁) တိုက်ဖွိုက်ကာကွယ်ဆေးထိုးပါ။
တိုက်ဖွိုက်အဖြစ်များသောနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုခင်မှာ ကာကွယ်ဆေးကြိုတင်ထိုးပါ။
(၂) ခရီးသွားစဉ် သန့်ရှင်းသော အစားအစာများကိုသာ စားသုံးပါ။
လမ်းဘေးဈေးသည်များဆီက မသန့်ရှင်းသောအစားအစာများ၊ အသီးအရွက်အစိမ်းများ၊ သစ်သီးအခွံများကို စားခြင်းမှ ရှောင်ပြီး ပူနွေးစွာ ချက်ထားသော အစားအစာကိုသာ စားသင့်ပါတယ်။
(၃) သန့်ရှင်းသောရေကို သောက်ပါ။
ရေသန့်ကိုသာ ဝယ်သောက်သင့်ပြီး အဆင်ပြေပါက ရေကျက်အေးကို သောက်ပါ။
(၄) မကြာခဏ လက်ဆေးပါ။
ရေနဲ့ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်များဖြင့် မကြာခဏ လက်ဆေးပါ။ အစာများကို မကိုင်တွယ်မီလည်း မဖြစ်မနေ ဆေးကြောပါ။
(၅) အိမ်တွင်းသန့်ရှင်းရေးပြုလုပ်ပါ။
အိမ်သာများကို သန့်ရှင်းခြင်း၊ တံခါးလက်ကိုင်ဖုများကို သန့်ရှင်းခြင်း ပြုလုပ်ပါ။
ပန်းကန်ခွက်ယောက်များကို သန့်ရှင်းအောင်ဆေးကြောပါ။
တိုက်ဖွိုက်ရောဂါ ခံစားနေရသူတွေအနေနဲ့ ဆေးကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး အသက်သေဆုံးနိုင်တဲ့အတွက် အမြန်ဆုံးဆေးကုသမှု ခံယူသင့်ပါတယ်။ မိမိအနေနဲ့လည်း အာဟာရပြည့်ဝသော အစားအစာများစားခြင်း၊ အနားယူခြင်းတို့ ပြုလုပ်ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















