/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တီဘီ-ကုသပြီးနောက်-ချောင်းဆိုးသွေးပါ-ပြန်ဖြစ်တဲ့အခါ

တီဘီ ကုသပြီးနောက် ချောင်းဆိုးသွေးပါ ပြန်ဖြစ်တဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " တီဘီရောဂါက ဆေးအပြည့် သောက်ပြီးသွားပြီ ... အသက် ၂၅ လောက်တုန်းက ... "

          ဆရာဝန်က ဦးထင်ပေါ်ရဲ့ဓာတ်မှန်ကို စိတ်ဝင်တစား ကြည့်နေသည်။ အမာရွတ်တွေက နှစ်ဖက်လုံးမှာရှိပြီး အဆုတ်တစ်ပြင်လုံးနီးပါး ပါနေသည်။

          " ကျွန်တော် ... ခင်ဗျားကို သလိပ် ပြန်စစ်မယ် ... "

          " သလိပ်က အရင်အပတ်ကမှ စစ်ထားတာဆရာ ... ဒီမှာ အဖြေ "

          ဦးထင်ပေါ်တစ်ယောက် ချောင်းဆိုးတိုင်း သွေးစလေးတွေ ပါနေသည်မှာ ကြာပြီ။ သလိပ်တွေလည်း မနည်းမနော ထွက်သည်။ ညဆိုရင် ရင်တွေတုန်ပြီး အိပ်မပျော်။ ထထိုင်နေရတာ များသည်။

          ကိုယ့်အကြောင်း ကိုယ်သိမို့ ကိုယ့်ဘာသာ သလိပ်စစ်သည်။ အဖြေက သုံးကြိမ် ပိုး လုံးဝမရှိ။ ဒါဆို ဘာဖြစ်တာလဲ။ သွေးစကလည်း နည်းနည်းချင်းသာ ပါနေသည်မို့ အရေးမကြီးဘူးပဲ ထားလိုက်ရမလား။

          ဆရာဝန်က သလိပ် စစ်ဆေးချက်ကို ကြည့်သည်။ သလိပ်ကို ထပ်ယူပြီး  ပိုးမွေးရန် ပို့လိုက်သည်။

          သလိပ်ပိုး မွေးတာက ကြာသည်မို့ ကြားထဲမှာ ဦးထင်ပေါ်သတင်း ထပ်မကြားရ။ ကြားထဲလည်း ပေါ်မလာ။

          ဦးထင်ပေါ်တစ်ယောက် တစ်ညမှာ ချောင်းတွေ တအားဆိုး၊ အသက်ရှူတွေ ကျပ်လာ၍ ဆေးရုံ အရေးပေါ် တင်လိုက်ရသည်။ ခြေတွေ၊ လက်တွေ ပြာနှမ်းကာ အမော ဖောက်သည်။ ဆေးရုံရောက်တော့ သူ မဟုတ်သလို ပြန်နေကောင်းနေပြန်သည်။ သွေးတွေကတော့ ပိုများလာသည်။

          ဦးထင်ပေါ် သတင်းကြားတော့ အရပ်ထဲက မိတ်ဆွေများ လူနာမေးကြ၊ သွားကြည့်ကြသည်။  ဆေးရုံပေါ်တွင် သူမဟုတ်သလို ခုတင်ပေါ်ထိုင်ကာ စကားပြောနေသည်။ တူမလုပ်သူက လိမေ္မာ်သီး အခွံနွှာကာ ခွံ့ကျွေးနေသည်။ နေရတာက ဝရံတာဘေး အဆောင်။ ပြင်ပလောကကို လှမ်းကြည့်ကြည့်ပြီး သက်ပြင်းချသည်။ သူ နေကောင်းနေကြောင်း ပြောပြနေသည်။

          မထင်မှတ်သော တစ်ည။ ညနှစ်နာရီလောက် ဦးထင်ပေါ် ချောင်း အကြီးအကျယ် ဆိုးသည်။ ရုတ်တရက် တစ်ကိုယ်လုံး ချွေးတွေ ပြန်လာပြီး အသက်ရှူ ရပ်သွားသည်။ ဆရာဝန်များ၊ ဆရာမများ ဝိုင်းအုံလာသည်။ ချက်ချင်း ဆုံးသွားသည်။

          တကယ်တော့ တီဘီကြောင့်ဖြစ်သော အမာရွတ်များ သွေးပြန်ထွက်နိုင်သော အကြောင်းရင်းများ ရှိသည်။

●        အဆုတ် ပြည်တည်နာဖြစ်ကာ အနီးက သွေးကြောကို ထိုးဖောက်သွား၍ သွေးပါလာတတ်သည်။

●        တီဘီကို ယခင်ကုသမှု မလုံလောက်သောကြောင့် ဖြစ်တတ်သည်။ ပြန်လည်ကုသဖို့ လိုအပ်နိုင်သည်။

●        အမာရွတ်မှ၊ အဆုတ်လေပြွန် ပြည်တည်နာမှ သွေးထွက်သောအခါ သွေးအနည်းငယ်မှသည် အတုံးလိုက် အခဲလိုက် သွေးခဲများထိ ပါလာတတ်သည်။

●        ချောင်းဆိုးချိန်တွင် သွေးများက မတော်တဆ လေပြွန်ကို ပိတ်ဆို့သွားတတ်သည်။

●        လေပြွန်ပိတ်လျှင် ချက်ချင်း သေဆုံးနိုင်သည်။

          တခြား ဆီးချို၊ သွေးတိုး၊ ကိုယ်ခံအားနည်းသော ရောဂါများ ခံစားနေရလျှင် ရောဂါ ပိုဆိုးနိုင်သည်။

●        ချောင်းဆိုးမည်။

●        ဖျားမည်။

●        အားယုတ်လာမည်။

●        ရင်ဘတ်အောင့်မည်။

●        ရင်တုန်လာမည်။

●        ပိန်လာမည်။

 

          ယခင် တီဘီဆေး အပြီးသောက်ပြီးသော်လည်း မိမိကျန်းမာရေး အခြေအနေအပေါ် မူတည်၍ ထပ်မံဖြစ်နိုင်သည်။ အမာရွတ်များမှ အကြောင်းအမျိုးမျိုးကြောင့် သွေးပြန်ယိုနိုင်သည်။ တီဘီရောဂါ ဖြစ်ဖူးပါက ကုသပြီးသော်လည်း နောက်တစ်ကြိမ် ချောင်းဆိုး သွေးပါတဲ့အခါ ပေါ့ပေါ့ဆဆ မနေကြပါစေကြောင်း ကျန်းမာရေး အသိပညာ ပေးလိုက်ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)