ဒဏ်ရာရတဲ့အခါ ...
ထိမိခိုက်မိလို့ အနာဟပြဲဖြစ်ပြီဆို ဘာလုပ်ကြမလဲ? ချုပ်ဖို့ လိုမလား? ချုပ်ဖို့ မလိုဘူးဆိုရင်လည်း ဘာလုပ်ရမလဲ?
၁။ ပထမဆုံးအဆင့် ရေနဲ့ဆေးပါ။
ထိရာရှရာတစ်ခုဖြစ်ပြီဆိုရင် အရင်ဆုံး ရေဘုံဘိုင်အောက်မှာသာ ဆေးကြောလိုက်ပါ။ အရက်ပြန်တွေ၊ အိုင်အိုဒင်းတွေ မလိုပါဘူး။ အဓိကက ရေအားနဲ့ အမှိုက်သရိုက်တွေ ပါသွားဖို့ပါ။ ဘာအရည်ဆိုတာက အဓိကမဟုတ်ပါဘူး။
အပူလောင်ရင်လည်း ဒီအတိုင်းပါပဲ။ ရေနဲ့သာ ဆေးချလိုက်ပါ။ အသားကို အေးသွားစေသလို ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဆီတွေ လိမ်းတာ၊ ရေခဲကပ်တာတွေက အသားထဲ အပူအောင်းစေပြီး ပိုဆိုးစေနိုင်ပါတယ်။
၂။ ဖိထားပေးပါ။
သွေးထွက်နေတယ်ဆိုရင် ရေအောက်မှာ ဆေးပြီးနောက် အဝတ်သန့်သန့်လေးနဲ့ ဖိထားပေးပါ။ ဒါမှ သွေးကြောတွေထဲကနေ သွေးထွက်တာ ရပ်သွားသလို ပိုးတွေလည်း မဝင်နိုင်တော့ဘူးပေါ့။
၃။ မေးခိုင်ကာကွယ်ဆေး ထိုးပါ။
အသေးစား ထိခိုက်ဒဏ်ရာတွေအတွက် ၁၀ နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး ထိုးထားရင် အဆင်ပြေသလို အကြီးစား ထိခိုက်ဒဏ်ရာတွေအတွက် ၅ နှစ်အတွင်း ထိုးထားရင် ရပါတယ်။ နောက်ဆုံး ထိုးထားတာကို မသေချာခဲ့ရင် ထပ်ထိုးလိုက်တာ အကောင်းဆုံးပါပဲ။ မေးခိုင်ကာကွယ်ဆေးဟာ ပိုးအရှင် ကာကွယ်ဆေးမဟုတ်လို့ ထိုးပြီးနောက် ဖျားမှာနာမှာလည်း စိတ်ပူစရာ မလိုဘူးလေ။
၄။ အနာကြီးတွေအတွက် ဆေးရုံ၊ ဆေးခန်း ပြပါ။
ရှရာ ၁/၄ လက်မထက်နက်ရင်၊ လက်ချောင်းတို့၊ လက်တို့မှာ ရှခဲ့ရင်၊ ကြွက်သား၊ အရိုး၊ အရွတ်တို့ကိုပါ မြင်နေရရင်၊ ၁၅ မိနစ်အတွင်း သွေးအထွက်မရပ်ရင်၊ ပြန်ချုပ်ဖို့ လိုနိုင်ပါတယ််။ သေချာမကုရင် သွေးထွက်များတာ၊ ပိုးဝင်တာ၊ အမာရွတ်တွေ ထင်တာ ဖြစ်နိုင်တာမို့ ဆရာဝန်၊ ဆရာမတွေနဲ့ ပြသဖို့ လိုပါတယ်။
၅။ ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြပါ။
ချုပ်ဖို့ လိုတယ်ထင်ရင် ချက်ချင်း ဆေးခန်းပြေးဖို့ လိုပါတယ်။ ၆ နာရီအတွင်း ပြန်ချုပ်နိုင်ခဲ့ရင် ပိုးဝင်နှုန်း ပိုနည်းပါတယ်။ မြန်မြန်မချုပ်ရင် ပိုးဝင်တာ၊ သွေးထွက်တာ၊ အမာရွတ် ထင်တာတွေ ဖြစ်နိုင်ပြီး ပိုးသတ်ဆေး သောက်ဖို့တောင် လိုတတ်ပါတယ်။
၆။ ပိုးဝင်တဲ့လက္ခဏာတွေကို စောင့်ကြည့်ဖို့ လိုပါတယ်။
တစ်ခါတလေကျတော့လည်း သူ့ဟာသူ ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိုးဝင်တဲ့လက္ခဏာတွေဖြစ်တဲ့ နီရဲလာတာ၊ ပူလာတာ၊ ရောင်လာတာ၊ ပြည်တွေထွက်လာတာ၊ ဖျားလာတာရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















