နားဖာချေးရှိတာ စိတ်ညစ်စရာလား
ညစ်ပတ်လို့၊ နားမသန့်လို့၊ နားဖာချေး ဖြစ်တယ်လို့ ထင်နေတဲ့ အယူအဆမှားတွေကို စွန့်ပစ်လိုက်ပါတော့။ နားဖာချေးဆိုတာ သဘာဝက ပြုလုပ်ပေးထားတဲ့ အကောင်းဆုံး နားကာကွယ်ဆေး ဖြစ်ပါတယ်။
အထဲက ပါးလွှာပြီး နူးညံတဲ့နားစည်နဲ့ တခြားအသားနု၊ အရိုးနုတွေကို နားဖာချေးက ကောင်းကောင်း ကာကွယ်ပေးထားပါတယ်။ ပြင်ပကလာတဲ့ ဖုန်တွေ၊ အမှုန်တွေဟာ နားတွင်းက အဆီတစ်မျိုးနဲ့ ဓာတ်ပြုပြီး အကာအကွယ်ပစ္စည်းအနေနဲ့ နားဖာချေး ဖြစ်လာတာ ဖြစ်ပါတယ်။
နားဖာချေးသာမရှိရင် ကမ္ဘာကြီး ပျက်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ အားအားနေ နားယားနေတာကြောင့် နားနှိုက်နေရင်း ဘာမှလုပ်ကြတော့မှာ မဟုတ်လို့ပါ။ နားဖာချေးဟာ နားမယားအောင် ကာကွယ်ထားတဲ့ပစ္စည်း ဖြစ်ပါတယ်။ သူရှိလို့ နားယားတာမဟုတ်ဘဲ သူမရှိမှ နားကိုက်တာ၊ နားယားတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ နားဖာချေးမရှိတဲ့ဘဝဟာ မတွေးဝံ့စရာပါ။
တန်ဖိုးကြီး နားဖာချေးကို ပိဿချိန်နဲ့ ထုတ်ရောင်းမယ်ဆိုရင် များများရောင်းနိုင်မယ့် လူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
● ခေါင်းလျှော်ရည်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်လေ့ ရှိသူတွေ
နားဆေးတာ အဟုတ်ကြီး မလုပ်ပါနဲ့။ မသန့်တဲ့ရေကနေ ပိုးတွေ နားတွင်း သွတ်သွင်းသလိုပါ။ နားဖာချေးတွေ ပွတက်လာပြီး နားပိတ်သွားတတ်ပါတယ်။
● နားတွင်းကို မကြာခဏထိုးပြီး နှိုက်လေ့ရှိသူများ
လက်နဲ့ ထိုးကလစ်နဲ့ နှိုက်ဂွမ်းတုတ်နဲ့ ထိုးရင်း ဂွမ်းကျန်ခဲ့အခါ ထိုးတဲ့အရာ မသန့်တဲ့အခါ ဖုန်တွေ၊ အမှုန်တွေကို သွတ်သွင်းသလိုဖြစ်ပြီး နားဖာချေးတွေ အများကြီး ဖြစ်တည်လာပါတယ်။ ထိုးတိုင်း ကောင်းတယ် မထင်ပါနဲ့။ အထဲကို ပိုသွင်းလိုက်သလိုဖြစ်ပြီး အခန့်မသင့်ရင် နားစည် ပေါက်သွားတတ်ပါတယ်။
နားကို ပြင်ပကသာ အဝတ်စသန့်သန့်နဲ့ သန့်ရှင်းပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ အထဲကို နှိုက်တာ၊ ရေထည့် ဆေးကြောတာ လုံးဝမလုပ်ပါနဲ့။
အခန့်မသင့်လို့ နားပိတ်သွားတဲ့အခါ နား၊ နှာခေါင်း ဆရာဝန်နဲ့ ပြသထုတ်ယူပါ။ နှစ်မိနစ်သာ ကြာပါတယ်။ နားတွင်းကို ဆီနည်းနည်း ထည့်လိုက်ပြီး ပွတက်လာတဲ့အခါ အသာလေး ကော်ယူလိုက်တာပါ။ ဆရာဝန်က နားဖာချေးထုတ်တာ အင်မတန် ကျွမ်းကျင်ပါတယ်။ အသာလေး ထုတ်လိုက်တာနဲ့ ဒုက္ခပေးနေတဲ့ အဖတ်တွေ အတောင့်လိုက် ပါသွားတာပါ။ နားလေးရှင်းပြီး ပေါ့သွားစေပါတယ်။ ဒါကြောင့် နားဖာချေး ပိတ်နေတယ်ထင်ခဲ့ရင် ကိုယ်တိုင်မထုတ်ဘဲ ကျွမ်းကျင်သူဆရာနဲ့ ထုတ်ကြပါလို့။
နားဖာချေး နောက်ဆက်တွဲက နားတွင်းမှိုရောဂါပါ၊ အလွန်ယားပြီး နားဖာချေးတွေ ပိတ်တဲ့အပြင် ရေမကြာခဏ ဝင်တတ်သူတွေမှာ မှိုတည်နေတတ်တာကြောင့် မှိုဆေးပတ်လည်အောင် သောက်သုံးကုသဖို့ လိုတတ်ပါတယ်။
● နားအူတာတွေ
● နားပြည်ယိုတာတွေ
● နားကိုက်တာတွေ တဆစ်ဆစ်နဲ့ နားထင်တွေ
● ခေါင်းကိုက်တာပါ ပါတဲ့အခါ ဆရာဝန်နဲ့ပြသပြီး နားကို သန့်ရှင်းကုသပေးဖို့ လိုတတ်ပါတယ်။ နားကနေတစ်ဆင့် ဦးနှောက်ကို ရောဂါပြန့်ပွားတာကို အချိန်မီ ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















