နေ့လည်နေ့ခင်း အားပြည့်လန်းဆန်းအောင် ဘာတွေစားမလဲ
ကျွန်ုပ်တို့ဟာ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းတက်နေရင်းပဲဖြစ်ဖြစ် နေ့လည်ပိုင်းလောက်ရောက်လာရင် မျက်လုံးတွေမှေးစင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆင်းလာကာ တစ်နေရာရာမှာ တစ်ရေးလောက်ထိုးပြီး အိပ်ပစ်လိုက်ချင်တဲ့ ခံစားမှုမျိုးတွေ ပေါ်လာတတ်ပါတယ်။ ဒီလိုမျိုး ပင်ပန်းနွမ်းနယ်လာပြီဆိုရင်တော့ လန်းဆန်း သွားစေဖို့အတွက် ကော်ဖီတစ်ခွက်ပဲဖြစ်ဖြစ် ဖျော်သောက်လေ့ရှိပါတယ်။ ဒီကော်ဖီက ခဏတာလန်းဆန်းမှု ကိုပေးစွမ်းနိုင်စေပေမယ့် အကြာကြီးတော့ခံမှာမဟုတ်ပါဘူး။ ဒါ့အပြင် ကော်ဖီကြောင့် ညဘက်မှာ အိပ်မပျော်တာတွေဖြစ်စေပါတယ်။ ဒါကြောင့် သဘာဝအတိုင်းလန်းဆန်းစေမယ့် အစားအသောက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။
1. ငှက်ပျောသီး
ငှက်ပျောသီးက အားအင်ပြည့်ဝစေတဲ့အတွက် လူအများနှစ်သက်ကြပါတယ်။ သူ့မှာပါဝင်တဲ့ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်တို့ကြောင့် အချိန်အတော်ကြာ အားအင်ဖြည့်တင်းပေးနိုင်ပါတယ်။
2. ရေတစ်ဖန်ခွက်
နေ့အချိန်မှာ ပင်ပန်းနွမ်းနယ်ရခြင်းရဲ့ အကြီးမားဆုံးသောအကြောင်းတွေအနက် တစ်ခုကတော့ရေဓာတ် ခမ်းခြောက်နေလို့ပဲဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်သလိုခံစားနေရရင်တော့ အစာစားဖို့လိုတာ မဟုတ်ပါဘူး ရေတစ်ဖန်ခွက်လောက်သောက်လိုက်ပါ။
3. ချောကလက်အမဲ (ချိုစေရန်အတွက် နို့များ၊ သကြားများထည့်မထားသော ချောကလက်)
နို့တွေရောထားတဲ့ ချောကလက်တစ်ချောင်းလုံးစားဖို့ အကြံပြုမထားပါဘူး။ ဘာမှထည့်မထား တဲ့ချောကလက်အမဲ အနည်းငယ်စားခြင်းဖြင့် စိတ်ကိုလန်းဆန်းစေပါတယ်။ ဒီချောကလက်မှာ လန်းဆန်းစေတဲ့ကဖင်းဓာတ်အနည်းငယ်နဲ့ စွမ်းအင်ပြည့်ဝစေတဲ့ သကြားဓာတ်အချို့ပါဝင်ပါတယ်။ ဒါ့အပြင် စွမ်းအင်ပြည့်ဝစေတဲ့ အင်တီးအောက်ဆီးဒင့်တွေပါဝင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။
4. ဂျင်းလက်ဖက်ရည်
ဂျင်းလက်ဖက်ရည်ဟာ ကျွန်ုပ်တို့ရဲ့အာရုံခံစားမှုကိုရော၊ စိတ်ကိုရောလန််းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါက ကဖင်းတွေ၊ သကြားဓာတ်အများကြီးပါဝင်တဲ့ အချိုရည်တွေထက်ပိုမိုကောင်းမွန်ပြီး ကျွနု်ပ်တို့ကို အချိန်အတော်ကြာအောင် လန်းဆန်းနေစေပါတယ်။ ကျွနု်ပ်တို့ကို တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေသလို ခံစားစေတဲ့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေခြင်းအပြင် ဂျင်းလက်ဖက်ရည်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
5. သစ်သီးများနှင့်အခွံမာအသီးများ
သစ်သီးတွေနဲ့ အခွံမာအသီးတွေပေါင်းပြီးစားသုံးမယ်ဆိုရင် သစ်သီးတွေကနေအားအင်တွေရရှိပြီးတော့ အခွံမာအသီးတွေက အားအင်တွေကမြှင့်တင်ပေးပါလိမ့်မယ်။ ဒါ့အပြင် သစ်သီးမှာပါတဲ့ရေဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်လိုအပ်ချက်တွေကို ပြည့်ဝနေစေပါလိမ့်မယ်။ လတ်ဆတ်တဲ့သစ်သီးတွေက သဘာဝအတိုင်းသကြားဓာတ်တွေပါဝင်တဲ့အတွက် စွမ်းအင်တွေပြည့်ဝစေပါလိမ့်မယ်။ စွမ်းအင်ရရှိဖို့အတွက်စားသုံးသင့်တဲ့ အကောင်းဆုံးအခွံမာသီးကတော့ ဗန်ဒါစေ့ဖြစ်ပါတယ်။
6. မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်က ရေတို၊ရေရှည်စွမ်းအင်တွေကိုပေးစွမ်းနိုင်တဲ့ အကောင်းဆုံးသော အရင်းအမြစ်ဖြစ်တဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ လေ့လာမှုတစ်ခုအရ သုတေသီတွေက မုန်လာဥနီဖျော်ရည်သောက်သုံးသူတွေက မသောက်သုံးသူတွေထက် လေ့ကျင့်ခန်း 16% ပိုကြာအောင်လုပ်နိုင်တဲ့စွမ်းရည်တွေရှိတာကိုတွေ့ရတဲ့အတွက် မုန်လာဥနီဖျော်ရည်က လန်းဆန်းပြီး အင်အားပြည့်ဝစေတဲ့ဖျော်ရည်တစ်ခုပဲ ဖြစ်ပါတယ်။
7. သစ်သီးနှင့် ဒိန်ခဲ
အားအင်မြှင့်တင်ပေးနိုင်တဲ့နောက်တစ်မျိုးကတော့ သွားရည်စာမှာ သစ်သီးနဲ့ အဆီပါဝင်မှုနည်းတဲ့ ဒိန်ခဲကို တွဲဖက်စားသုံးခြင်းပဲဖြစ်ပါတယ်။ ဒိန်ခဲက စွမ်းအင်တွေကိုထိန်းသိမ်းထားနိုင်ဖို့ အသားဓာတ်ကိုပေးစွမ်းပြီးတော့ သစ်သီးတွေကနေပြီးတော့ သကြားဓာတ်ကိုရရှိစေနိုင်ပါတယ်။ ဂရိပ်ဖရုသီးအလွှာတွေနဲ့ ဒိန်ခဲကို တွဲဖက် စားသုံးခြင်းဖြင့် အားအင်တွေကုန်ခမ်းသွားတယ်လို့ခံစားရချိန်မှာ ရှိနေတဲ့စွမ်းအင်တွေအပေါ်မူတည်ပြီး အားအင်ချက်ချင်းပြန်လည်ရရှိစေနိုင်ပါတယ်။
8. ဥများ
အားအင်တွေကုန်ခမ်းလာတယ်လို့ခံစားရလာရတဲ့အချိန်မှာ ဥကို မကျက်တကျက်ပြုတ်ပြီးဖြစ်စေ၊ နည်းအမျိုးမျိုးနဲ့ချက်ပြီးဖြစ်စေစားသုံးခြင်းဖြင့် အားအင်တွေပြန်လည်ရရှိစေနိုင်ပါတယ်။ ဥမှာ အားအင်တွေပေးစွမ်းနိုင်တဲ့ အသားဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် စွမ်းအင်ထုတ်လုပ်မှုကိုကူညီပြီး ဦးနှောက်လုပ်ငန်းတွေကိုမြှင့်တင်ပေးတဲ့ ဗီတာမင် B ဓာတ်လည်းပါဝင်ပါတယ်။
Dr. Mya Myo Myo Swe
















