နှလုံးပြဿနာ ရှိနေနိုင်ကြောင်း ပြနေတဲ့လက္ခဏာ (၉) ရပ်
ဟိုဘက်အိမ်က ဦးလေးကြီး ဆုံးသွားပြီတဲ့ ... ။
ဟယ် ... မနေ့ကပဲ တွေ့သေးတယ် အကောင်းကြီးကို ... ။
ဟုတ်တယ် ... နှလုံးသွေးကြောပိတ်တာလို့ ပြောတာပဲ၊ ရင်ဘတ် အောင့်တယ် ... အောင့်တယ်ဆိုပြီး သတိလစ်သွားတာ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးတဲ့ ... ။
ဒါဟာ မကြားချင်ပေမယ့် မကြာခဏ ကြားနေ၊ တွေ့နေရတဲ့ ဇာတ်လမ်းတွေထဲကတစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို ရုတ်တရက် တိုက်ခိုက်တတ်တဲ့ အတွက်လည်း သူ့ကို အသံတိတ် လူသတ်သမားလို့ တင်စားကြတာပေါ့။
နှလုံးသွေးကြောပိတ်ရောဂါဟာ အသေဆုံးမှု အများဆုံး အကြောင်းရင်းတစ်ခုထဲမှာ ပါပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါ လက္ခဏာတွေကိုလည်း သိထားသင့်သလို တခြားထူးထူးခြားခြားဖြစ်တတ်တဲ့ လက္ခဏာတွေကိုလည်း သိထားဖို့လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ ဒီလက္ခဏာတွေဟာ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တာမို့ အရမ်းကြီးတော့လည်း မကြောက်သွားပါနဲ့ဦး။
● အရမ်းနုံးနေခြင်း
အိပ်ရေးပျက်တာကြောင့် နုံးနေတာမျိုးမဟုတ်ဘဲ တုပ်ကွေးမိရင် နုံးသလိုကို နုံးနေတာပါ။ တော်တော်များများက ဘာမှမဖြစ်ပါဘူးဆိုပြီး ပစ်ထားလိုက်တတ်ကြတယ်။ တကယ်တော့ အဓိကက အောက်ဆီဂျင် ကောင်းကောင်း မရတာကြောင့် နှလုံးက အောက်ဆီဂျင် ကောင်းကောင်းရောက်နိုင်အောင် ကြိုးပမ်းနေရလို့ ဖြစ်တာပါ။ ဒါပေမဲ့ တခြားအကြောင်းရင်းတွေ အများကြီးလည်း ရှိသေးတာမို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုတယ်နော်။
● ခြေထောက် ရောင်နေခြင်း
ခြေထောက်ရောင်တာဟာ ကိုယ်ဝန်ဆောင်တာ၊ ခြေထောက်သွေးကြောထုံးတာ၊ ခရီးအကြာကြီးသွားပြီး လှုပ်ရှားမှုနည်းတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ဒါ့အပြင် နှလုံးညှစ်အားနည်းတာ၊ နှလုံးအစို့ရှင်ရောဂါတွေ စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်နော်။ တချို့ သွေးတိုးကျဆေး၊ ဆီးချိုကျဆေးတွေကလည်း ရောင်ရမ်းစေတတ်တယ်။ နှလုံးကြောင့်ဆိုရင်တော့ တခြားလက္ခဏာတွေနဲ့ပါ တွဲလာပါလိမ့်မယ်။
● လမ်းလျှောက်တဲ့အချိန် အရမ်းနာခြင်း
အထိုင်အထ၊ အတက်အဆင်း၊ အလှုပ်အရှားမှာ တင်ပါးတွေ၊ ခြေထောက်ကြွက်သားတွေ နာကျင်လာပြီး နားလိုက်ရင် သက်သာတာဟာ အသက်ကြီးလာလို့ ဖြစ်ရိုးဖြစ်စဉ်လည်း ဖြစ်နိုင်ပေမယ့် လျော့တွက်လို့တော့ မရပါဘူး။ အစွန်အဖျား သွေးကြောကျဉ်းရောဂါ ဖြစ်နေနိုင်တယ်။ တကယ်လု့ိ အစွန်အဖျား သွေးကြောကျဉ်းရောဂါရှိနေရင် နှလုံးသွေးကြောတစ်ချောင်းပိတ်ဖို့ အခွင်အလမ်း ၅၀% လောက် ရှိနေတယ်။ ကုလို့ပျောက်တဲ့ အခြေအနေမျိုးမို့ စိတ်တော့မပူပါနဲ့။
● မူးခနဲ မိုက်ခနဲဖြစ်ခြင်း
ဒါလည်း ရေဓာတ် ခမ်းခြောက်နေတာ၊ အမြန်ထိုင်ရာကနေ ထလိုက်တာ စသဖြင့် တခြားအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပေမယ့် မကြာမကြာ ဖြစ်တတ်တယ်ဆိုရင်တေ့ာ ဆေးရဲ့ နောက်ဆက်တွဲတွေ၊ အတွင်းနားပြဿနာတွေ၊ သွေးအားနည်းတာ၊ နှလုံးရောဂါတွေကို ထည့်စဉ်းစားဖို့ လိုတယ်။ ဦးနှောက်သွေးအားကို ကောင်းကောင်း မထိန်းသိမ်းနိုင်လောက်အောင် သွေးကြောတွေ ကျဉ်းနေလို့ ဖြစ်နိုင်ပါတယ်။
● ကျန်းမာရေး ကောင်းနေလျက်နဲ့ကို မောမောနေခြင်း
ပုံမှန်လေကျင့်ခန်း လုပ်နေပါရက်နဲ့ကို လှေကားလေး တက်လိုက်တာနဲ့ မောမောနေတာဟာ သွေးအားနည်းတာ၊ ပန်းနာရင်ကြပ်၊ ပိုးဝင်တာနဲ့ ရှားရှားပါးပါး နှလုံးအစို့ရှင် မကောင်းတာ၊ သွေးကောင်းကောင်း မညှစ်နိုင်တာတွေကြောင့် ဖြစ်နိုင်တယ်။ နှလုံးအစို့ရှင် ပြင်လိုက်ရင်တော့ ကောင်းသွားမှာပါ။
● စိတ်ဓာတ်ကျနေခြင်း
စိတ်ဓာတ်ကျခြင်းဟာ ကမ်ဘာပေါ်မှာအဖြစ်များတဲ့ ပြဿနာတစ်ရပ်ပါပဲ။ စိတ်ပျိုကိုယ်နု၊ စိတ်ထောင်းကိုယ်ကြေဆိုသလိုပဲ စိတ်ဓာတ်ကျနေသူ တစ်ယောက်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရတယ်။ အထူးသဖြင့် နှလုံးရောဂါဖြစ်ဖို့ အခြေအနေများတဲ့သူတွေမှာပေါ့။
● ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်း
ခေါင်းကိုက်တာနဲ့ နှလုံးရောဂါနဲ့ ဆက်စပ်မှုမရှိလောက်ဘူးလို့ ထင်ရပေမယ့် ဆက်စပ်နေတယ်လို့ တချို့က ပြောကြတယ်။ တချို့ကလည်း နှစ်ခုလုံးဟာ အလိုအလျောက် အာရုံကြောစနစ် မကောင်းလို့ ဖြစ်တာလု့ိ ဆိုကြတယ်။
● ညအိပ်ချိန် နှလုံးခုန်သံကြားနေခြင်း
တချို့နှလုံးအစို့ရှင်ရောဂါတွေမှာ ညအိပ်ချိန် နှလုံးခုန်သံကို ပြန်ကြားနေတတ်ကြတယ်။ ဒါကြောင့် ဒီလိုကြားနေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့ တိုက်တွန်းချင်တယ်။
● စိတ်လှုပ်ရှားခြင်း၊ ချွေးစေးပြန်ခြင်းနဲ့ ပျို့ချင်အန်ချင်ခြင်း
ရုတ်တရက်ကြီး စိတ်လှုပ်ရှား၊ ချွေးစေးတွေပြန်၊ ပျို့ချင် အန်ချင် ဖြစ်လာတာဟာ ရုတ်တရက် စိတ်လှုပ်ရှားပူပန်ခြင်းရောဂါရဲ့ လက္ခဏာရပ်တွေဖြစ်ပေမယ့် နှလုံးဖောက်တဲ့လက္ခဏာလည်း ဖြစ်နေနိုင်တယ်။ ဒီ့နောက်မှာ အရမ်းမောလာတာ၊ ရင်ဘတ်အောင့်လာတာတွေရှိရင် အရေးပေါ်ကိုသာ ပြေးပါတော့။ ၅ မိနစ်လောက် အချိန်ဆွဲမိရင်တောင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ၁ နာရီအတွင်း ဆေးရုံရောက်သူတွေဟာ ပုံမှန်ထက်ပိုပြီး အသက်ရှင်နှုန်းများပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















