နှလုံးရောဂါရှိရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
နှလုံးရောဂါရှိတဲ့သူတိုင်းက ရင်ဘတ်အောင့်လေ့ မရှိပါဘူး။ နှလုံးရောဂါ တစ်ခုခုရှိနေပြီဆိုတာကို ပြတဲ့အခြားလက္ခဏာတွေ ရှိပါတယ်။
လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင် ပိုဆိုးပြီး ငြိမ်နေလိုက်ရင် သက်သာသွားတဲ့ လက္ခဏာတွေက နှလုံးနဲ့ ဆိုင်တတ်ပါတယ်။ အထူးသဖြင့် ကိုလက်စရော များခြင်း၊ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးခြင်း၊ အထိုင်များတဲ့ အလေ့အကျင့်ရှိခြင်း၊ အဝလွန်ခြင်းနဲ့ မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့ ရာဇဝင်ရှိခြင်း စတဲ့ လက္ခဏာတွေက နှလုံးရောဂါကို ညွှန်ပြနေတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။
အောက်ပါလက္ခဏာများအနက် တစ်ခု (သို့) တစ်ခုထက် ပိုပြီးခံစားရပါက အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။
• အသက်ရှူမြန်ခြင်း
• ရင်ဘတ် (သို့) ဝမ်းဗိုက် အထက်ပိုင်းအောင့်ခြင်း (သို့) တစ်ခုခုနဲ့ ဖိထားသလို ခံစားရခြင်း
• မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရုတ်တရက် ဖျော့ပြီး လဲကျသွားခြင်း
• ပျို့ခြင်း (သို့) အန်ခြင်း
• လက်တစ်ဖက် (သို့) နှစ်ဖက်လုံး၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး (သို့) အစာအိမ်အောင့်ခြင်း၊ နာခြင်း (သို့) မသက်မသာဖြစ်ခြင်း
• အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)















