နှာချေရင် ရဲရဲသာ ချေလိုက်ပါ
အချစ်နဲ့ အိပ်ချင်တာက တားမရဘူးတဲ့။ မတားကောင်းတဲ့ အရာတွေထဲမှာ နှာချေခြင်းကို ထည့်မယ်နော်။ နှာချေတာကို အောင့်အီးလိုက်ရင်း လည်မျိုပေါက်သွားသူ ရှိနေတယ်တဲ့၊ ကြံကြံဖန်ဖန်နော်။
အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နှာချေချင်လာတဲ့အခါ မိမိနှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ချလိုက်ပြီး မချေတော့ဘဲ အောင့်အီးထားလိုက်ပါတယ်။
ခဏနေတော့ သူဟာ အသက်ရှူကျပ်လာပြီး နေရထိုင်ရ ခက်လာပါတယ်။
ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပြီး ဓာတ်မှန် ရိုက်ကူးလိုက်တဲ့အခါ သူ့ရဲ့လေပြွန်ဟာ ပေါက်သွားပြီး ရောင်ပြီး ဖူးရောင်နေတာကို တွေ့ကြရပါတယ်။
သူ့ကို အစာပိုက်ထည့်၊ စောင့်ကြည့် အနာကျက်အောင် ကုသပြီးနောက် ဆေးရုံက ဆင်းပေးလိုက်ပါတယ်။
နှာချေချင်လာတဲ့အခါ ထွက်လာတဲ့ ဖိအားဟာ ဦးနှောက်ထဲက သွေးကြောထုံးတာတွေကိုပါ ပေါက်သွားစေနိုင်ပါတယ်။
နှာချေတာကို ထိန်းချုပ်လိုက်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းထဲမှာ ဖိအားမြင့်တက်လာပြီး Throat rupture လို့ခေါ်တဲ့ လည်မျိုမှာ ပေါက်ကွဲ ထိခိုက်သွားတာ ဖြစ်ပါတယ်။
လည်ပင်းတွေ ရောင်လာပြီး နာလာတဲ့အပြင် အသက်ရှူကျပ်လာတဲ့ နောက်ဆက်တွဲပြဿနာဟာ အရေးပေါ်ကုသဖို့ လိုလေ့ရှိပါတယ်။
ဒါကြောင့် နှာချေချင်သလား ရဲရဲဝံ့ဝံ့ ချေပစ်လိုက်ပါ။ ဟတ်ချိုးပေါ့။ နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ကမန်းကတန်း ဖိနှိပ်ထားလိုက်ရင် ဖိအား ဆောင့်တက်လာပြီး ဖော်ပြပါပြဿနာ ဖြစ်နိုင်ပါတယ်။ ဒီတော့ ခပ်ချေချေပဲ ဟတ်ချိုးကြပါစို့ ...။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















