ပင်ပန်းနွမ်းနယ်နေချိန်မှာ ဒါတွေမလုပ်ပါနဲ့
1. ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေ အများကြီးမသောက်ပါနဲ့
တစ်နေ့လုံး ကော်ဖီသောက်နေရင် လန်းဆန်းနေတယ်လို့ထင်ရပေမယ့် သိထားသင့်တဲ့အချက်တစ်ချက်ကတော့ သောက်လိုက်တဲ့ကော်ဖီတစ်ဝက်လောက်က နောက်ထပ် 5 နာရီလောက်ကြာတဲ့အထိ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေပါတယ်။ ဒီကျန်နေတဲ့ ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်က အားအင်မရဘဲ ဦးနှောက်ကိုပဲလှု့ံဆော်မှုဖြစ်စေပြီး ညဘက်အိပ်မပျော်ဖြစ်စေနိုင်ပါတယ်။
2. လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရန်မဖြစ်ပါနဲ့
ပင်ပန်းနွမ်းနယ်နေချိန်နဲ့ အိပ်ရေးပျက်တဲ့အချိန်တွေမှာ စိတ်လွတ်လွယ်ပြီး စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ခဲယဉ်းပါတယ်။ အိပ်ရေးပျက်ရင် ဦးနှောက်က စိတ်ခံစားမှုတွေကိုလက်ခံပြီး သင့်တော်တဲ့တုန့်ပြန်မှုတွေ မလုပ်နိုင်ပါဘူး။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်နေချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့မျက်နှာအမူအရာတွေကို မှန်မှန်ကန်ကန်ဖတ်နိုင်စွမ်းမရှိတဲ့အတွက် သူတို့ရဲ့ဆိုလိုရင်းကို နားလည်မှုလွဲနိုင်ပါတယ်။
3. တစ်ရေးမအိပ်ပါနဲ့
တစ်ရေးအိပ်ခြင်းကကောင်းပေမယ့် နေ့လည်ဘက်မှာအကြာကြီး အိပ်ပျော်သွားမယ်ဆ်ိုရင် ညဘက်အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ ညအိပ်မပျော်ရင် နောက်နေ့မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ ဒါကြောင့် မဖြစ်မနေအိပ်ချင်တယ်ဆိုရင်တောင် မိနစ် 20-30 ထက်ပို မအိပ်ပါနဲ့။
4. ကျန်းမာရေးနဲ့မညီညွတ််တဲ့ အစားအစာတွေမစားပါနဲ့
အိပ်ရေးမဝရင် ဦးနှောက်က အဆီများ၊ ကယ်လိုရီများတဲ့အစားအစာတွေကိုပဲ တောင့်တနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက်တွေကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်း မလုပ်တော့လို့ပဲဖြစ်ပါတယ်။
5. လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့
ပုံမှန်လုပ်နေကျအလုပ်တွေကိုတောင်လုပ်ဖို့ အားမရှိဘဲနဲ့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ မကောင်းပါဘူး။ ဒါကြောင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေပဲလုပ်ပါ။ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ကြွက်တက်ခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်း (အထူးသဖြင့်နောက်ကျော) တွေဖြစ်လွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်တာအပေါ်အာရုံစိုက်ရခက်ပြီး ခန္ဓာကိုယ်ထိန်းညှိနိုင်စွမ်းလည်းခက်လို့ဖြစ်ပါတယ်။
6. အလုပ်မှာအရေးကြီးတဲ့ စီမံချက်တွေကို မကိုင်တွယ်ပါနဲ့
အိပ်ရေးပျက်နေတဲ့လူတစ်ယောက်က ကိစ္စတစ်ခုခုကို သေချာသုံးသပ်နိုင်စွမ်းမရှိတော့ပါဘူး။ ဥပမာဆိုရင် အလုပ်တစ်ခုရဲ့အကောင်းတွေကိုပဲမြင်ပြီး ထွက်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကို သတိမမူမိဘဲဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အိပ်ရေးဝဝအိပ်ပါ။
7. ပုံမှန်အိပ်ချိန်မှာ မအိပ်ဘဲမနေပါနဲ့
ပုံမှန်အိပ်ချိန်အတိုင်း မအိပ်ဘူးဆိုရင် စက်ဝန်းပျက်ပြီး အိပ်ရေးကောင်းကောင်းမရနိုင်ပါဘူး။ ပင်ပန်းနွမ်းနယ်နေရင်တောင် တစ်ညကို 7-8 နာရီလောက် အိပ်ချိန်ရအောင်အိပ်ပါ။
Dr. Mya Myo Myo Swe















