/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပါးစပ်ထဲက-မှက်ခရု

ပါးစပ်ထဲက မှက်ခရု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပါးစပ်ထဲမှာ မှက်ခရုပေါက်တာကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ မက်ခရုဆိုတာ မှိုစွဲတဲ့ရောဂါဖြစ်ပြီး မကူးစက်တတ်ပါဘူး။ များသောအားဖြင့် ပေါက်နေတဲ့နေရာကို လိမ်းဆေးလိမ်းရုံနဲ့တင် ပျောက်သွားတတ်ပါတယ်။
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့လူတွေ၊ နဂိုကျန်းမာရေးမကောင်းတဲ့လူတွေ၊ နောက်ပြီး ကိုယ်ခံအားမကောင်းတဲ့ HIV/AIDS ရောဂါ ရှိသူတွေ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူနေရသူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။

>>  ဘာကြောင့် ဖြစ်ရတာလဲ?
ပါးစပ်ထဲမှာရှိတဲ့ candida လို့ခေါ်တဲ့ မှိုတစ်မျိုး အရမ်းပွားလာလို့ပါ။ ပုံမှန်လည်း သူက ပါးစပ်ထဲမှာ ရှိပါတယ်။ တချို့အခြေအနေတွေကြောင့် အဆမတန် ပွားလာတဲ့အခါ မက်ခရု ဖြစ်လာတာပါပဲ။
အဖြစ်အများဆုံးကတော့ candida ဆိုတဲ့ မှိုပါ။ မက်ခရု ဖြစ်စေတတ်တဲ့ တခြားမှိုတွေလည်း ရှိပါသေးတယ်။

>>  မက်ခရုကို ဖြစ်စေတတ်တဲ့အရာတွေက -
●  ဆေးတွေ (ပိုးသတ်ဆေး၊ ရင်ကြပ်တဲ့အတွက် ရှူရတဲ စတီးရွိုက်ဆေးတွေ၊ ကိုယ်ခံအားကို ချထားတဲ့ဆေးတွေ)
●  ကိုယ်ခံအားနည်းတဲ့ရောဂါတွေ (HIV ၊ ဆီးချို၊ သိုင်းရွိုက်ဟော်မုန်းနည်းတာ၊ အာဟာရချို့တဲ့တာ)
●  အံကပ်သုံးတာ
●  ဆေးလိပ်သောက်တာ တို့ပဲ ဖြစ်ပါတယ်။

>>  လက္ခဏာတွေက -
ပါးစပ်ထဲမှာ အဖြူဖတ်လေးတွေ ကပ်နေတာမျိုး တွေ့ရပါတယ်။ ဖယ်လို့ရတာ များပါတယ်။ ပြီးရင် ပါးစပ်၊ အာခေါင်တွေ နီနေတတ်တာမျိုး၊ နှုတ်ခမ်းထောင့်တွေ ကွဲအက်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ပြီးရင် ပါးစပ်ထဲ အရသာတစ်မျိုးကြီး ရနေတာ၊ နာတာ၊ ပူနေတာ စတဲ့ လက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။ အစားအသောက် ပျက်တာမျိုးတွေလည်း ဖြစ်စေပါတယ်။

>>  ရောဂါကို ရှာဖွေတဲ့နေရာမှာ -
မြန်မြန်ရောဂါသိပြီး မြန်မြန်ကုသဖို့ လိုပါတယ်။ ဒါမှပဲ နောက်ဆက်တွဲ ပြဿနာတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားနေရာကို ပျံ့သွားတာတွေ သိပ်မရှိမှာ ဖြစ်ပါတယ်။
ဆရာဝန်က ပါးစပ်ကို စစ်ဆေးကြည့်ရှုပြီး ရောဂါနာမည်တပ်ပေးပါလိမ့်မယ်။ တခြားရောဂါတွေကြောင့် ဖြစ်တာလား (ဥပမာ - ဆီးချို) ဆိုတာမျိုး သိချင်ရင် သွေးစစ်ပါလိမ့်မယ်။

>>  ဘယ်လိုကုသမလဲ?
အပေါ်မှာ ပြောခဲ့သလို မှိုသတ်ဆေးကို အရည် ဒါမှမဟုတ် gel လိမ်းဆေး ပေးပါလိမ့်မယ်။ ဖြစ်တဲ့နေရာမှာ လိမ်းပေးရင် ရပါပြီ။ တချို့လူနာတွေမှာတော့ သောက်ဆေးအနေနဲ့ ပေးရတာမျိုးတွေ ရှိပါတယ်။
ပြီးတော့ မက်ခရု ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ ဆေးလိပ်သောက်တာ၊ တချို့ဆေးတွေ သောက်နေတာ၊ ရောဂါ အခံရှိနေတာမျိုးဆို ဒါတွေကို ကုဖို့ပါ လိုအပ်ပါတယ်။

>>  ကာကွယ်လို့ရောရလား
ရပါတယ်။ ဖြစ်နိုင်ချေ များတဲ့လူတွေက ပိုပြီးသတိထားကာကွယ် ရပါမယ်။
●  တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ။
●  အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။
●  ရှူဆေး ရှူနေရတာမျိုးရှိရင် ရှူပြီးတိုင်း ပါးစပ်သန့်ရှင်းရေးလုပ်ပါ။
●  အံကပ်တတ်ရရင် ကိုယ့်သွားဖုံးနဲ့ သေချာကိုက်တာမျိုး တပ်ပါ။ ညအိပ်တိုင်း ဖြုတ်အိပ်ပါ။
●  အချိုတွေ လျှော့စားပါ။
●  ရေများများသောက်ပါ။
●  ဆေးလိပ် မသောက်ပါနဲ့။

Dr. Htar (www.drmyanmar.com)