ပီကေမျိုချမိရင် စိတ်ပူရလား
ပီကေမျိုချမိသွားရင် အစာအိမ်ထဲမှာ 7 နှစ်တိုင်အောင် ရှိနေနိုင်တယ်ဆိုတဲ့ ရှေးရိုးစွဲယူဆနေတဲ့ ယုံကြည်ချက်ဟာ အမှန်စင်စစ်မဟုတ်ဘဲ ယင်းမျိုချလိုက်မိသော ပီကေသည် 1-2 ရက်အတွင်းမှာပင် အစာအိမ်အတွင်းရှိမနေနိုင်တော့ပါဟု American Chemical Society မှ ပညာရှင်တွေက အချက်အလက်အခိုင်အမာနဲ့တကွ ရှင်းပြထားပါတယ်။
အစာကိုစားတဲ့အခါစားတဲ့အခါ ဝါးတဲ့အဆင့်၊ အစာကိုဖြိုခွဲပေးတဲ့အဆင့်နဲ့ အစာခြေတဲ့အဆင့်ဆိုပြီး အဆင့်သုံးဆင့်ရှိရာမှာ ပထမအဆင့်ဖြစ်တဲ့ “mechanical” phase( ဝါးစားခြင်းအဆင့်) မှာ ပီကေကို အခြားအစာတွေလို ကြေအောင်ဝါးလို့မရပါဘူး။ အချိုဓာတ်ကုန်သွားတဲ့အခါ ထွေးထုတ်ပစ်ကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ သတိလက်လွတ်ဖြစ်ပြီး မျိုချလ်ိုက်မိတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်းရှိခဲ့ဖူးပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ enzyme phase (အစာဖြိုခွဲခြင်းအဆင့်)မှာ ခန္ဓာကိုယ်ကနေ ပီကေဖတ်ကို ဖြိုခွဲပေးနိုင်လောက်တဲ့ enzyme ကို ထုတ်ပေးနိုင်သလားဆိုတော့ မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် တတိယအဆင့်ဖြစ်တဲ့ digestion (အစာခြေခြင်း) ကို ရောက်သွားပါတယ်။ ပီကေကို အချိုတု၊ အနံ့အရသာဖြစ်စေတဲ့ပစ္စည်း၊ နူးညံ့စေတဲ့ပစ္စည်း၊ ရော်ဘာနဲ့ပြုလုပ်ထားခြင်းဖြစ်ပြီး ၄င်းရော်ဘာဆိုတာ polymer ဖြစ်ကာ ပီကေမှာအများစုသုံးလေ့ရှိတဲ့ ရော်ဘာကို butyl rubberလို့ ခေါ်ပါတယ်။ ယင်းရော်ဘာဟာ မော်တော်ကားတာယာ၊ ဘတ်စကတ်ဘောလုပ်တဲ့တာယာအမျိုးအစားနဲ့ တူပါတယ်။ အစာခြေအဆင့်ရောက်သွားတဲ့အခါ အစာခြေရည်အက်ဆစ်ဟာပြင်းသော်လည်း ပီကေမှာရှိတဲ့ rubber polymers မှာ ပျော်၀င်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် အစာခြေအဆင့်မှာ ပီကေဖတ်လေးဟာ ပင်ကိုရှိမြဲတိုင်းရှိနေမှာဖြစ်ပေမယ့် နဂိုလိုမာကျောမနေတော့ဘဲ ပျော့ဖတ်လေးဖြစ်သွားကာ အခြားစွန့်ပစ်ပစ္စည်းတွေနဲ့အတူ ခန္ဓာကိုယ်အပြင်ဘက်ကို 1-2ရက်အတွင်း ရောက်သွားမှာဖြစ်တာကြောင့် ပီကေမျိုချလိုက်မိလို့လည်း စိုးရိမ်ထိတ်လန့်နေစရာမလိုပါဘူး။ ဒါပေမယ့် မမျိုချမိအောင်၊ သတိလက်လွတ်ဖြစ်မသွားအောင် ဂရုစိုက်တာတော့ အကောင်းဆုံးဖြစ်ပါတယ်။
CMS
















