ပီကေ မျိုချမိတယ် ... ဘာဖြစ်နိုင်သလဲ
လူတိုင်းနီးပါးဆိုသလို ပီကေဝါးရင်း မျိုချဖူးတတ်ပါတယ်။ ပီကေက သင့်အစာအိမ်ထဲမှာ ၇ နှစ်လောက် နေနိုင်တယ်ဆိုတာ ကြားဖူးပါသလား? တကယ်တော့ ဒီအယူအဆဟာ မမှန်ကန်ပါဘူး။
သင့်အစာအိိမ်ဟာ ပီကေကို မချေဖျက်နိုင်သော်လည်း အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှုများက သင့်ပီကေကို ဝမ်းကနေတစ်ဆင့် ပြန်ထွက်အောင် ပြုလုပ်နိုင်ပါတယ်။
>> ဘယ်အချိန်မှာ ပီကေက အန္တရာယ်ပေးနိုင်သလဲ?
● ပီကေအများကြီးကို မျိုချမိခြင်း သို့မဟုတ် အချိန်တိုအတွင်း ပီကေများစွာ မျိုချမိခြင်းတို့ကြောင့် အစာချေစနစ်လမ်းကြောင်းကို ပိတ်ဆို့စေတတ်ပါတယ်။ ထို့ပြင် နေကြာစေ့ ကဲ့သို့သော မာသော အစာများနှင့်အတူတူ မျိုချမ်ိပါက ပိုမိုပိတ်ဆို့နိုင်ပါတယ်။
● ကလေးငယ်များဟာ ပီကေကို မျိုမချသင့်ကြောင်း မသိကြတာမို့ ဖြစ်နိုင်ရင် ကလေးများကို ပီကေ မကျွေးသင့်ပါဘူး။
>> ပီကေဟာ ဗိုက်ထဲမှာ ဘာဆက်ဖြစ်မလဲ?
ပီကေကို အန့ံအရသာကောင်းစေသော ပစ္စည်းများနှင့် ပီကေအစေးတစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။ ပီကေတွင်ပါသောအချိုများကို အစာအိမ်က စုပ်ယူနိုင်ပါတယ်။ သို့သော် ပီကေကိုစေးစေသော အရာများကိုမူ အစာအိမ်က မချေဖျက်နိုင်ပါဘူး။ အူလမ်းကြောင်း လှုပ်ရှားမှုများကနေတစ်ဆင့် စအိုကနေ ဝမ်းအဖြစ် ထုတ်ပေးပါတယ်။ ဒါကြောင့် သင်စားလိုက်တဲ့ ပီကေဟာ နောက်ဆုံးဝမ်းအဖြစ် ပြန်ထွက်သွားပါတယ်။
>> ကလေးတွေကို ပီကေ ကျွေးသင့်လား?
ငယ်လွန်းသောကလေးများအနေနဲ့ ပီကေကို မျိုမချသင့်ကြောင်း မသိသေးတာမို့ မကျွေးသင့်သေးပါဘူး။
အသက် ၅ နှစ်လောက်ရောက်မှ စတင်ကျွေးပြီး သကြားလုံးကဲ့သို့ မျိုချလို့မရကြောင်း သေချာပြောပါသင့်ပါတယ်။
သို့သော်လည်း အချိုပါဝင်မှုများသော ပီကေများကို နေ့စဉ်ဝါးပါက သွားပိုးပေါက်များ ဖြစ်စေနိုင်တာ သတိပြုပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















