/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပူပြင်းလှတဲ့နွေရက်တွေမှာ-အေးအောင်နေကြမယ်

ပူပြင်းလှတဲ့နွေရက်တွေမှာ အေးအောင်နေကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နွေရာသီ ရောက်လာပြီဆိုရင် နွေရဲ့အပူဒဏ်ကို အလူးအလိမ့် ခံစားကြရပါပြီ။ အိမ်ထဲမှာနေလည်းပူ အပြင်ထွက်ဖို့ဆိုရင် တွေးတောင်မတွေးရဲအောင် ကြောက်ပါတယ်။ ညနေဘက်တွေ၊ ညတွေမှာတောင်မှ ပူနွေးပြီး နေလို့ထိုင်လို့က မကောင်းနဲ့ ဖြစ်ရပါတယ်။

          ဒီတော့ အေးအောင်လို့ အိမ်ထဲမှာပဲ လေအေးပေးစက်တွေ တပ်ပြီးနေလို့တော့ရပါရဲ့၊ လေအေးပေးစက်ကလည်း ဈေးကြီး၊ မီတာခတွေကလည်း တက်နဲ့ မတတ်နိုင်ပြန်ပါဘူး။ ဒီတော့ အပူဒဏ်ကိုခံနိုင်ဖို့ အေးအောင် ဘယ်လိုလုပ်ကြမလဲ။ အေးအောင်ရှာကြံပြီးတော့ နေဖို့လိုပါတယ်။

 

1.      မျက်နှာကြက်ပန်ကာတွေကို summer mode နဲ့ ဖွင့်ထားပါ။

          မျက်နှာကြက်ပန်ကာအများစုရဲ့ အောက်ခြေမှာ နာရီလက်တံအတိုင်း လှည့်တဲ့ခလုတ်နဲ့ နာရီလက်တံဆန့်ကျင်ဘက် လှည့်တဲ့ခလုတ်ဆိုပြီး ရှိတတ်ပါတယ်။ ဆောင်းတွင်းမှာ ဆိုရင်တော့ ပန်ကာကို နာရီလက်တံအတွင်း လည်စေတာက မျက်နှာကြက်က လေနွေးတွေကို အောက်ကိုပို့ပေးခြင်းအားဖြင့် ပူနွေးစေပါတယ်။ နွေရာသီမှာဆိုရင်တော့ ပန်ကာဒလက်တွေကို နာရီလက်တံနဲ့ ပြောင်းပြန်လှည့်ပေးရပါမယ်။ ဒါကမှ ကိုယ့်အတွက် အေးမြတဲ့ လေအေးအေးလေးတွေကို ရစေမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့မျက်နှာကြက်ပန်ကာက ဘယ်လိုလည်နေလဲဆိုတာကို တစ်ချက်စစ်ကြည့်ပါ။ နာရီလက်တံအတိုင်း လည်နေတယ်ဆိုရင်တော့ ပန်ကာအောက်ခြေလေးမှာရှိတဲ့ ခလုတ်လေးကို ရွှေ့လိုက်ရုံနဲ့ အေးမြမှုကို ခံစားရမှာပါ။

 

2.      အေးမြတဲ့ ချည်ထည်အဝတ်တွေကို ဝတ်ဆင်ပါ။

        ချည်ထည်တွေကို နွေရာသီမှာ ဝတ်သင့်တဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ ပထမဆုံးအနေနဲ့ ချည်ထည်တွေက လေဝင်လေထွက် ကောင်းစေတယ်။ ဒီတော့ ပန်ကာလေအောက်မှာ ခံတယ်ဆိုရင်တောင်မှ လေဝင်လေထွက်ကောင်းတော့ ပိုထိရောက်မှုရှိတာပေါ့။ ပြီးတော့ ချည်ထည်တွေက ပေါ့ပါးပြီး အရောင်လည်း ဖျော့တာများတော့ အလင်းတွေကို ပြန်စေတဲ့အတွက် အပူမတက်စေပါဘူး။ အထိမခံတဲ့ အသားအရေတွေ အထူးသဖြင့် နေလောင်ခံထားရသူတွေအတွက် ချည်သားတွေက အထူးသင့်လျော်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် 100% ချည်သား အရောင်ဖျော့ဖျော့လေးတွေဝတ်ပါ။

 

3.      ရေခဲအိတ်ကို အိပ်ရာထဲ ထည့်အိပ်ပါ။

          ညအိပ်ရာဝင်ချိန်မှာလည်း အရမ်းပူနေတယ်ဆိုရင် အခဲခန်းထဲက ရေခဲအိတ်ကို ထုတ်ပြီးတော့ အဝတ်သန့်သန့်လေးနဲ့ ပတ်ပြီးရင် ရေလုံတဲ့အိတ််ထဲမှာ ထည့်ပါ။ ပြီးရင် အိပ်ရာထဲမှာ ထားလို့ရပါတယ်။ ဒါက တစ်ညလုံး အေးနေမှာတော့ မဟုတ်ပေမယ့် အိပ်ရာဝင်ချိန်မှာတော့ အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။ ပြီးတော့ မနက်အိပ်ရာထရင် ရေခဲအိတ်ကို ခဲခန်းထဲ ပြန်ထည့်ထားလိုက်ပါ။

          လေအေးပေးစက်ဖွင့် အိပ်မယ့်အစား ညနေဘက်နဲ့ ညဘက်တွေမှာ ပြတင်းပေါက် ဖွင့်အိပ်တာလည်း ကောင်းပါတယ်။

 

4.      ရေအေးအေးလေးနဲ့ ရေချိုးပါ။

          ရာသီဥတု အရမ်းပူနေတဲ့ ရာသီဥတုမှာ ရေအေးအေးလေးနဲ့ ချိုးလိုက်ရတာက အရမး်ကို အရသာရှိပါတယ်။ ရေအေးအေးလေးနဲ့ရေချိုးလိုက်ရင် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပါတယ်။

 

5.      ရေအေးအေးသောက်ပါ။

          ရေခဲရေအေးအေးလေး သောက်တာကလည်း ရေအေးအေးနဲ့ ရေချိုးသလို အကျိုးကျေးဇူးရစေပါတယ်။ ဒါပေမဲ့လည်း နည်းနည်းပဲသောက်ရပါမယ်။

          ရေခဲရေက သောက်လိုက်တုန်းခဏမှာပဲ အေးပေမယ့် အအေးဓာတ်က ကြာကြာမခံပါဘူး။ ရေခဲရေဆိုတာက အအေးခံထားတဲ့ရေ မဟုတ်ပါဘူး။ ရေထဲကို ရေခဲတုံးလေးတွေ ထည့်သောက်တာကို ပြောတာပါ။

 

6.      မီးတွေ ပိတ်ထားပါ။

          အိမ်ထဲမှာ မီးတွေ ဖွင့်ထားတာက အပူထွက်စေပါတယ်။ အခန်းထဲကထွက်ရင် အခန်းကို မီးပိတ်ပါ။ မီးချောင်းတွေ၊ မီးသီးတွေကထွက်တဲ့ အပူတွေက အိမ်အနှံ့ပျံ့ပြီးတော့ အိမ်ထဲမှာ ပူစေပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် မီးပိတ်ထားတာက စွမ်းအင်ချွေတာရုံသာမကဘဲ အခန်းကိုလည်း အေးမြစေပါတယ်။

 

7.      ကလေးတွေအတွက်ဆိုရင် ရေသေနတ်တွေနဲ့ ရေဆော့တိုင်းကစားတာကလည်း အေးမြစေပါတယ်။

 

8.      အိမ်အပြင်ဘက်မှာ ချက်ပြုတ်ပါ။

          အိမ်ထဲမှာ လျှပ်စစ်မီးဖို (သို့) oven တွေနဲ့ ချက်ပြုတ်တာကလည်း အိမ်ထဲမှာ အပူတက်စေပါတယ်။ ဒီတော့ အလိုလိုမှ ပူရတဲ့အထဲ အိမ်ထဲမှာ ပိုပူလာစေတာပေါ့။ ဒီတော့ ဖြစ်နိုင်ရင် အိမ်အပြင် ထွက်ချက်တာကလည်း အိမ်ထဲမှာ အေးစေတဲ့နည်းလမ်းတစ်ခုပါပဲ။

 

9.      အေးတဲ့အစားအစာတွေကို အိမ်ထဲမှာ ပြင်ဆင်ပါ။

          အစားအစာတွေကို အပူနဲ့ ချက်ပြုတ်တဲ့အခါမှာ အိမ်ထဲမှာ အပူတက်စေသလိုပဲ အေးတဲ့အစားအစာတွေ ပြင်ဆင်ရင်လည်း ပတ်ဝန်းကျင်ကို အေးမြစေပါလိမ့်မယ်။

 

10.    ခြေထောက်တွေကို အေးနေအောင် ရေစိမ်ပါ။

          နွေရာသီမှာ လုပ်ရတာ အကြိုက်ဆုံးကတော့ ခြေထောက်တွေကို ရေအေးအေးထဲမှာ စိမ်ပြီးတော့ နေရတာပါ။ ဒါက တစ်ကိုယ်လုံးကို အေးနေသလို ခံစားရစေပါတယ်။ ခြေချောင်းလေးတွေ နစ်အောင် စိမ်ထားရင်ရပါပြီ။ ရေဇလုံထဲမှာ ရေအေးအေးလေးထည့်ပြီးတော့ ခဏလေးပဲ စိမ်ထားပါ။ အေးမြမှုကို ခံစားရပါလိမ့်မယ်။

 

11.    ခြေဗလာနဲ့နေပါ။

          နွေရာသီမှာ ရှူးဖိနပ်တွေ စီးတာက အပူကို ပိုထွက်စေပါတယ်။ ဒါကြောင့် အိမ်ထဲမှာဆိုရင် ခြေဗလာနဲ့နေပြီး အပြင်ထွက်ရင်လည်း ခြေညှပ်ဖိနပ်လေးတွေပဲ စီးပါ။

 

12.    နေရောင်ခြည်ကို လိုက်ကာနဲ့ ကာထားထားပါ။

          နေရောင်ခြည် ဝင်တာက အလင်းရောင်ရပြီးတော့ လှပေမယ့်လည်း အပြင်က အပူတွေကို အိမ်ထဲကို ဝင်စေပါတယ်။ နေအလင်းတန်းကြောင့် အိမ်ထဲမှာ အပူကို မြန်မြန်တက်စေပါတယ်။ ဒီတော့ နေရောင် တိုက်ရိုက်ထိုးတဲ့ ပြတင်းပေါက်တွေက လိုက်ကာတွေကို ဆွဲထားပါ။ ဒါက အိမ်ထဲကို အပူဝင်တာ နည်းစေပြီးတော့ အေးမြစေပါတယ်။

 

13.    ကြမ်းပြင်ပေါ်မှာလှဲပါ။

          ပူတဲ့ရာသီဥတုမှာ ခေါင်မိုး၊ မျက်နှာကြက်နဲ့နီးလေ ပိုပူလေမို့လို့ အအေးဆုံးနေရာက ကြမ်းပြင်ပေါ်ပါ။ ဒီတော့ ကြမ်းပြင်ပေါ်မှာထိုင်ပြီး အလုပ်လုပ်တာက အေးစေမှာပါ။

 

14.    အိမ်ထဲမှာဆိုရင် အအေးဆုံးနေရာမှာ ရွေးနေပါ။

          ရာသီဥတုက ပူလာတော့ အေးတဲ့နေရာတွေ ရှာနေရတာပါပဲ။ အိမ်မှာဆိုရင် အိမ်ပေါ်မှာ မနေနိုင်ဘဲ အောက်ထပ်တွေမှာပဲ နေကြရပါတယ်။

 

15.    ပန်ကာလေတွေကို ထောင့်မှန်ဖြတ်တိုက်မယ့် အနေအထားကို ထားပါ။

          အခန်းတွေ အေးနေစေဖို့ဆိုရင် ပန်ကာ ၂ ခုကိုယူလိုက်ပါ။ ပြီးရင်ပန်ကာတစ်ခုကို ကိုယ့်အရှေ့တည့်တည့်မှာထားပြီး နောက်တစ်ခုကို ကိုယ့်ရဲ့ ညာဘက် (သို့) ဘယ်ဘက်မှာထားပြီးတော့ လေကို အမြင့်ဆုံး ဖွင့်ထားလိုက်ပါ။ လေ ၂ ခုဆုံတဲ့နေရာမှာ လေပွေလိုမျိုးဖြစ်ပြီးတော့ ကိုယ့်အနားမှာ အေးနေစေပါလိမ့်မယ်။

 

16.    အေးခဲနေတဲ့အသီးတွေ စားပါ။

          ပူတဲ့အချိန်ဆိုတော့ အေးတာတွေပဲ စားချင်နေတာပါ။ အေးနေတဲ့အသီးတွေက အရသာရှိပြီးတော့ အေးမြမှုကိုလည်း ပေးပါတယ်။ အသီးလေးတွေကို အပိုင်းလေးတွေလုပ်ပြီးတော့ အခဲခံထားတာက ကျန်းမာရေးနဲ့လည်း ညီပြီးတော့ ဈေးလည်းမကြီးပါဘူး။

 

17.    တခြားအေးတဲ့နေရာတွေမှာ လို်က်နေပါ။

          နောက်ဆုံးအနေနဲ့ကတော့ အိမ်မှာ အရမ်းပူနေတယ်ဆိုရင် မြို့ထဲမှာရှိတဲ့ ပိုက်ဆံလည်းမကုန်၊ အေးလည်းအေးတဲ့နေရာတွေမှာ လိုက်နေပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)