/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပျို့ချင်နေလား-ဖျားနေလား-ဗိုက်အောင့်နေသလား-ဒီရောဂါ-သတိထား

ပျို့ချင်နေလား ... ဖျားနေလား ... ဗိုက်အောင့်နေသလား ... ဒီရောဂါ သတိထား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " ဝေါ့ ....... "

          ဆယ်တန်းကျောင်းသားလေး မောင်ဖိုးသားတစ်ယောက် မနက်ကတည်းက အန်နေတာ နှစ်ကြိမ် ရှိပြီ။  မနေ့တစ်နေ့ ကတည်းက ပျို့ချင်တယ်၊ ဗိုက်အောင့်တယ် ပြောနေတာ။ အစာမကြေဘူးပဲ ထင်လို့ အစာကြေဆေးလေး ဝါးခိုင်းလိုက်တာ။ ညကလည်း ကောင်းကောင်းမအိပ်၊ ရင်တွေပြည့်ပြီး ပျို့ချင်နေသတဲ့။ ကျောင်းမှာ မတည့်တာတွေ ဝယ်စားမှန်း ကိုယ်မြင်ရတာ မဟုတ်။  အန်လိုက်ရင် ကောင်းသွားမှာလို့ပဲ တွေးနေခဲ့သေးတာ။

          သားငယ်က အကြီးနဲ့မတူ ဆယ်တန်းရောက်မှ ခဏခဏ ဗိုက်အောင့်တတ်နေတယ်။ အရင်က ဆရာဝန်ဆီပြတော့ အစာအိမ် ရောင်တယ်ဆိုပြီး အစာအိမ်ဆေးတွေ ဆက်တိုက်သောက်ရတယ်။

          ပြန်သက်သာလိုက် ဖြစ်လိုက်ပါပဲ။ ဆယ်တန်းဆိုတော့ စိတ်ကလည်းဖိစီးဆိုတော့ ပြန်ပြန်ထတယ်။

          ဒီတစ်ခါလည်း အစာအိမ် ဖြစ်ပြန်ပြီ။ မေမေကတော့ သားကို သောက်နေကျဆေးတွေ အကုန်တိုက်ပြီး စောင့်ကြည့်ရမှာပဲ။ ကျောင်းပျက်ရဦးမယ်လေ။

          " မေမေ ... သား အန်နေတာ လေးခါလောက်ရှိပြီ ... ဗိုက်လည်း အောင့်တယ် "

          " မတည့်တာတွေ စားတာကိုး ... သားက အမေ့စကား နားမှမထောင်တာ၊ အစာအိမ် သေချာတယ် ... ဆေးသောက်လိုက်၊ အမေ ဆန်ပြုတ် ပြုတ်ပေးမယ် "

          အသံ ညောင်ညိညိလေးနဲ့ ပြောနေသော အစာအိမ်ဝေဒနာရှင်လေးကို ပြုစုရပါတယ်။

          နေ့လယ်ခင်းကျ ဗိုက်က ပိုနာလာတယ်။ သားကို ကြည့်ရတာ မသက်သာ။ ကိုယ်ပါ ပူလာပြီ။

          ခါတိုင်းဆို အစာအိမ်ဆေးလေး သောက်ခိုင်းလိုက်ရင် သက်သာသွားတာပဲကို။

          စိတ်ထဲမှာ လျှောက်စဉ်းစားရင်း စိတ်ပူပူနဲ့ပဲ သားကိုခေါ်ကာ နေ့ခင်းဖွင့်သော ဆေးခန်းတစ်ခုကို ပြေးရပါတော့တယ်။

          ဆရာဝန်က သားကို ရောဂါရာဇဝင် မေးတယ်။ သားက မပွင့်တပွင့်။ နာပြီး ပင်ပန်းနေသလို။ ခါတိုင်းထက် နုံးပြီး ချောင်သွားလိုက်တာ။

          " နာတဲ့နေရာကို လက်ကလေးနဲ့ ထောက်ပြကြည့် ... ဖိုးသား "

          နားကြပ်လေးနဲ့ ထောင်ထောင်မောင်းမောင်း ဆရာဝန်လေးက စမတ်ကျပြီး တော်သည့်ပုံ။ အမေ နည်းနည်း စိတ်အေးရပါတယ်။ အစာအိ်မ်ပဲ နေမှာပါ။

          သား နာနေတာ ခါတိုင်းနေရာ မဟုတ်ပါလား။ ညာဘက်ဗိုက်ဘေးကို လက်ညှိုးလေးနဲ့ ထောက်ပြတယ်။

          အစအဆုံး မေးမြန်းစမ်းသပ်ပြီး နောက်မှာတော့ -

          " ချက်ချင်း အာထရာဆောင်းဓာတ်မှန် ရိုက်ရမယ် ... ဖိုးသားမှာ အူအတက် ရောင်နေပြီလို့ ကျွန်တော် ထင်တယ် ... ခွဲဖို့ လိုနိုင်တယ် "

          မေမေတစ်ယောက် မျက်လုံး ပြူးရပါပြီ။ အစာအိမ်လို့ပဲ ထင်နေခဲ့တာ အူအတက် ရောင်တာတဲ့လား။

          ဓာတ်မှန်အဖြေက  အူအတက် ရောင်တယ်လို့ ထွက်လာပါတယ်။ မမြင်ချင် မကြားချင်ဆုံး အဖြေပါ။

          သားကို ဆေးရုံ ချက်ချင်း တင်လိုက်ရပါတယ်။ ဆရာ၀န်ကြီးတွေက သားကို ခွဲခန်းခေါ်သွားပြီး အူအတက်ကို ခွဲထုတ်လိုက်ရပါပြီ။ အူအတက်က အထဲမှာ ပေါက်လုဆဲဆဲတောင် ဖြစ်နေပြီတဲ့။ အူအတက်ပေါက်သွားရင် ဝမ်းထဲမှာ အဆိပ်တွေ ပြန့်ပွားသွားပြီး သွေးဆိပ်တက်ကာ သေနိုင်သတဲ့။ လက်မတင်လေးပါလား သားငယ်ရေ။ မေမေက ခါတိုင်းလိုပဲ အစာအိမ်ထင်ပြီး ဆေးတိုက်ပြီး သားကို ကြည့်နေမိခဲ့တယ်။ ဆေးခန်း ခေါ်ခဲ့မိလို့သာပေါ့ သားရယ်။

 

========================================================

 

          အူအတက်ရောင်တဲ့အခါ ဗိုက်နာ၊ ဗိုက်အောင့်ကနေစလို ပျို့ချင်တာ၊ အန်ချင်မယ် အဖျားဝင်လာတာတွေ ဖြစ်တတ်ပါတယ်။ နာတဲ့နေရာက နောက်ဆုံး ဝမ်းဗိုက် ညာဘက်ကို ရွေ့သွားပြီး အူအတက်နေရာ ညာဘက်၀မ်းအောက်နားမှာ တင်းပြီး အထိမခံနိုင်အောင် နာနေတတ်တာမျိုးပါ။

          အူအတက်ရောင်တာကို မကြာခဏ ဖြစ်တတ်တဲ့ အစာအိမ်ရောင်တာနဲ့ မမှားစေချင်ပါဘူး။ ဗိုက်နာတာရယ်၊ ပျို့ချင်တာ၊ အန်တာရယ်၊ ဖျားတာရယ် တွဲလာရင် ကိုယ့်မှာ အူအတက် ရောင်နေပြီလားလို့ မပေါ့မဆ ဆရာဝန် ပြသကုသနိုင်ကြဖို့ ကျန်းမာရေး ပညာပေးလိုက်ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)