/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်တော့မှ-စိတ်ညစ်မခံတော့မယ့်သူတွေ-ဖတ်ဖို့

ဘယ်တော့မှ စိတ်ညစ်မခံတော့မယ့်သူတွေ ဖတ်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလိုလိုနေရင်း စိတ်တို၊ ဒေါသထွက်နေရပြီလား။ ဝမ်းနည်းကြေကွဲရတာတွေ ခဏခဏဖြစ်နေပြီလား။ စိတ်မချမ်းမသာ ဖြစ်နေသူများ ဘ၀ကို ပိုကောင်းလာချင်ရင် ဖတ်နော်။ တကယ်တော့ ရိုးရှင်းပြီး မထူးဆန်းပေမယ့် အရိုးဆုံးအချက်တွေကို လျစ်လျူုရှုတတ်ကြလို့ သတိရအောင် တင်ပြပေးလိုက်တယ်နော်။

●        နေ့စဉ် တွေ့ရတဲ့လူတွေထဲမှာ လူကောင်းလူဆိုး အကုန်ရောထွေးပါနေမှာပါပဲ။ တစ်ကမ်ဘာလုံး မှားနေပြီး ကိ်ုယ်ပဲ မှန်တယ် ထင်နေသူနဲ့ ဖက်ပြိုင် စိတ်တိုနေရင်တော့ သင်ပဲ စိတ်ညစ်ရမယ် မဟုတ်ပါလား။ မထင်နဲ့ အဲလိုလူတွေ အများကြီးနော်။

●        စာမေးပွဲအတွက် စိတ်ပူတော့ စာကုန်းကျက်တယ်။ နောက်ကျမှာ ကြောက်တော့ စောစောထတယ်။ တချို့ စိတ်ဖိစီးမှုတွေကတော့ ဘဝကို ပိုကောင်းလာစေဖို့ပါ။

●        စိတ်တိုနေမှန်း၊ ဖိစီးနေမှန်း သတိထားမိတာနဲ့ ချက်ချင်း သတိထား ရပ်တန့်နိုင်တာကလည်း ပညာရှိမှုတစ်မျိုးပါပဲ။ အသက်ဝဝ ရှူလိုက်ပြီး ငါ့ကိုယ်ငါ ဘာအတွက်မှ စိတ်ညစ်မခံတော့ဘူးလို့ တွေးကြည့်ပါလား။ သင့်ဦးနှောက်နဲ့ နှလုံးသားက သင့်ကို ကျေးဇူးတင်နေမှာမုချ။

●        စိတ်ဖိစီးလေ သွေးကြောတွေအပေါ် ဖိအားများလေ၊ နေမကောင်းဖြစ်လွယ်လေလို့ မှတ်ပါ။ ဘယ်သူမှ မပူခင် ကိုယ်အရင် ထိတာနော်။

●        အဆိုးတွေချည်းပဲ တွေးနေမယ့်အစား အကောင်းလေးတွေ ရှာကြံမြင်ကြည့်ပါလား။ အမည်းစက်တွေကြားမှာ ပန်းဖြူလေးတစ်ပွင့်လောက်ကလည်း သင့်အတွက် ကျေးဇူးတင်စရာပါ။

●        မရှောင်လွှဲနိုင်တဲ့ လောကဓံတွေ ကြုံရတာ ကိုယ်တစ်ယောက်တည်း မဟုတ်လို့ တစ်ယောက်ကိုတစ်ယောက် အားပေးနှစ်သိမ့်ရင်း အသက်ရှင်ရအောင်။ ပိုမိုသာယာတဲ့ လူ့အဖွဲ့အစည်းမှာ နေရအောင်လေ။

●        စိတ်ညစ်ရတာနဲ့ ရုပ်ရင့်တာတန်လို့လား။ အရေးအကြောင်းတွေ စောစောပေါ်လာစေတယ်လေ။ စိတ်တိုနေရင် ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ပါလေ။ နဖူးကြီးတွန့်၊ မျက်မှောင်ကြီးကြုတ်၊ နှုတ်ခမ်းကြီးစူလို့ ရုပ်ဆိုးချက်နော်။

●        လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းတော့ မတူဘူးနော်။ တချို့တွေက မတုန်မလှုပ် ခံနိုင်ကြပေမယ့် တချို့တွေကျ တုန်လှုပ်ခြောက်ခြားစွာ ရင်ဆိုင်ကြတယ်လေ။ ခံနိုင်ရည်မတူလို့ စိတ်ပူတတ်သူတွေကို ကိုယ်ချင်းစာကြပါနော်။

●        ဆေးလိပ်၊ အရက်သောက်ပြီး စိတ်ဖိစီးမှုကို မေ့ပစ်မတဲ့။ ဘီယာဆိုင်မှာ ဇာတ်လမ်းဆုံးမတဲ့။ ကေတီဗီမှာ ကဲမယ်တဲ့။ နောက်တစ်ရက်ကျ ခေါင်းပေါ်မှာ ရေခဲထုပ်နဲ့ တဝေါ့ဝေါ့။ အိမ်က မိန်းမက စကား မပြော။ သားသမီးက အထင်သေး။  စဉ်းစားလေ။ ခဏတာ သာယာမှုအတွက် အပြစ်တွေ ရောဂါတွေရတာ တန်လို့လားလို့။

●        ပျော်ချင်ယောင် ဆောင်ကြမယ်။ အပူရုပ် ဟန်လုပ်ဆိုတဲ့စကား ရှိပါရောလား။ အများကြီး မတွေးပါနဲ့တော့။ အယောင်ဆောင်ခြင်းထဲမှာ ပျော်ချင်ယောင်ဆောင်တာက အကျိုးရလဒ် အကောင်းဆုံးပါတဲ့။ စိတ်ညစ်နေရင် များများပြုံးပြပါ၊ တက်ကြွလန်းဆန်းတဲ့ အသွင်နဲ့ နေပါ။ ဦးနှောက်က တကယ်ထင်သွားပြီး အဟုတ်နေလို့ ကောင်းသွားတတ်သတဲ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)