ဘယ်နေရာမှာ ဘာကြောင့်နာ
မိမိခန္ဓာကိုယ်တွင်းက အဂါၤတွေမှာ တစ်ခုခု မူမမှန်တာတွေ ရှိတဲ့အခါ ပြင်ပခန္ဓာမှာပါ နာကျင်လာတတ်တဲ့နေရာတွေ ရှိပါတယ်။ ဒီနေရာလေးတွေကို သိရှိထားခြင်းဖြင့် ဘယ်နေရာတွေမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပြီပေါ့။
● အစာအိမ်နာတဲ့အခါ ရင်ညွန့်မှာ စူးစူးဝါးဝါး ပူလာတတ်ပါတယ်။ ပူလည်း ပူ၊ အောင့်လည်း အောင့်တတ်တာမို့ အတော်ခံရခက်တဲ့ ေ၀ဒနာပါ။ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်ရောင်ရင် ရင်ခေါင်းရှေ့ကနေ နောက်ကျောထိ စူးစူးကြီး နာတတ်ပါတယ်။
● ရင်ဘတ်အလယ်တည့်တည့်မှာ စူးအောင့်လာပြီး တစ်ခုခုနဲ့ ဖိထားသလို နေရခက်ပြီး အောင့်လာရင်တော့ နှလုံးသွေးကြောကျဉ်းတာ ဖြစ်နိုင်ပါတယ်။ အောင့်ချိန်ကြာတတ်ပြီး မေးရိုးနဲ့ ပခုံးထိပ်တွေထိပါ ကျင်တက််လာတတ်ပါတယ်။ မခံမရပ်နိုင်အောင် နာတတ်ပြီး ချေွးသီးချေွးပေါက်တွေပါ ကျလာတတ်ပါတယ်။
● အဆုတ်ပွ၊ အဆုတ်ရောင်၊ အဆုတ်အကျိတ် တည်တာတွေ ဖြစ်တဲ့အခါ ကျောရင် ညှပ်အောင့်တတ်ပါတယ်။ လေးလေးကြီး နာနေတာပါ။ ချောင်းဆိုး သွေးပါတာ အစားပျက်ပြီး ပိန်လာခဲ့တာတွေပါ တွဲရင်တော့ အမြန်ပြသရပါမယ်။
● ပခုံးထိပ်နာတာဟာ အသည်း၊ ရင်၀မ်းခြားကြွက်သားနဲ့ ဘေလုံးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသည်းရောင်တဲ့အခါ သည်းခြေကျောက်တည်တဲ့အခါ သည်းခြေပြွန် ရောင်ရမ်းတဲ့အခါ ၀မ်းဗိုက် ညာဘက် အပေါ်နားနဲ့ အလယ်ပိုင်း အောင့်လာတတ်ပါတယ်။
● ကျောက်ကပ် ကျောက်တည်ရင် ခါးနာပါတယ်။ နောက်ကျောနဲ့ ခါးနေရာမှာ ပူပူကြီး တင်းကျပ်ကျပ်ကြီး ခံစားရတာပါ။ ရေသောက် နည်းလာရင် ပိုနာပါတယ်။
● ဆီးကျောက်တည်ရင် ကျောက်ပိတ်ရင် ၀မ်းဗိုက်အောက်ပိုင်းနဲ့ ခါးနေရာ မခံမရပ်နိုင်အောင် နာပါတယ်။ နာတာက ပေါင်တွင်းကြောတစ်လျှောက် ပြန့်သွားတတ်ပြီး နာချိန် သိပ်မကြာတတ်ပါ။ ပြန်သက်သာသွားလေ့ ရှိပါတယ်။
● အူအတက်ရောင်ရင် ၀မ်းဗိုက် ညာဘက်ဘေးမှာ နာတတ်ပေမယ့် ချက်ပတ်ပတ်လည်နဲ့ ၀မ်းဗိုက် ဘယ်ဘက်ဘေးမှာလည်း နာတတ်ပါတယ်။ ပျို့အန်တာရယ် အဖျားရယ်ပါ တွဲဖက် ခံစားရလေ့ ရှိပါတယ်။
● အမျိုးသမီးတွေမှာ အရေးအကြီးဆုံး သားဥအိမ်တွေမှာ ရောင်ရင် အရည်အိတ်တည်ရင် သွေးအိတ်တည်ရင် ၀မ်းဗိုက်နံဘေးနဲ့ အလယ်တည့်တည့်တွေပါ နာလေ့ရှိပါတယ်။ မကြာခဏ ဗိုက်တင်းသလို ခံစားရပြီး အစာမကြေတာ၊ လေပွတာတွေပါ ဖြစ်တတ်ရင် သားဥအိ်မ်ကင်ဆာ ဖြစ်နိုင်တာကို သတိထားသင့်ပါတယ်။
တကယ်တော့ ဒီလို နာတတ်တာတွေဟာ ယေဘုယျအားဖြင့် ရည်ညွှန်းပေးချက်တွေသာ ဖြစ်ပါတယ်။ မိမိဘာသာ ခန့်မှန်းသိရှိနိုင်ဖို့ ဗဟုသုတသာ ဖြစ်ပါတယ်။ ဘယ်နေရာ ဘာဖြစ်နေလဲ တိတိပပ သိရှိနားလည်နိုင်ဖို့ကတော့ တတ်ကျွမ်းနားလည်သူ ဆရာ၀န်နဲ့ ပြသတိုင်ပင်စစ်ဆေးမှသာ အမှန်ကို ရရှိမှာဖြစ်ကြောင်း နောက်ဆုံး အရေးကြီးဆုံးအချက်အနေနဲ့ မှတ်သားနားလည်ဖို့ တင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















