ဘာကြောင့် ခဏခဏ နေမကောင်း ဖြစ်နေတာလဲ
နေမကောင်း မဖြစ်ဖူးတဲ့သူရယ်လို့ ရှိကြမှာ မဟုတ်ပါဘူး။ တချို့လူတွေဆိုရင် နေမကောင်းတာက ဖြစ်နေကျလို ဖြစ်နေပြီးတော့ ကြားထဲက နေကောင်းတယ်ဆိုတဲ့ရက်က နည်းနေသလိုပါပဲ။ ဒီလိုမျိုး နှာချေလိုက်၊ ချောင်းဆိုးလိုက်၊ ခေါငး်ကိုက်လိုက်ဖြစ်နေတာကို မဖြစ်ပေမယ့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် နေမကောင်းဖြစ်စေလဲဆိိုတာကိုတော့ အရင်ဆုံး သိထားဖို့ လိုပါတယ်။
>> အစာလည်းဆေး၊ ဆေးလည်းအစာ
ပန်းသီး တစ်နေ့တစ်လုံးစားရင် ဆရာဝန် မလိုတော့ဘူးဆိုတဲ့ ဆောင်ပုဒ်လေးမှာ အမှန်တရားတွေ အများကြီး ပါပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတဖို့အတွက်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် စားသုံးပေးဖို့ လိုပါတယ်။ အသက်အရွယ်အလိုက် လိုအပ်တဲ့အာဟာရဓာတ်ပမာဏ အမျိုးမျိုးရှိပေမယ့်လည်း ယေဘုယျအနေနဲ့ အားလုံးအတွက် ရိုးရှင်းတဲ့စည်းမျဉ်းတွေကတော့ -
● နေ့တိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးမျိုးစုံ စားပါ။
● အဆီများတဲ့အသားတွေ အစား အဆီမပါတဲ့အသားကို စားပါ။
● နေ့စဉ် အဆီ၊ ဆားနဲ့ သကြား စားသုံးမှုတွေကို လျှော့ချပါ။
● တတ်နိုင်ရင် ပြုပြင်မထားတဲ့ ကောက်ပဲသီးနှံတွေကို စားပါ။ whole grain လို့ပါတဲ့ ပေါင်မုန့်တွေ၊ ခရက်ကာတွေ စားပါ။
>> ရေဓာတ် ခမ်းခြောက်ခြင်း
ခန္ဓာကိုယ်ကို ရေဓာတ် 60% နဲ့ တည်ဆောက်ထားတယ်လို့ ဆိုပေမယ့်လည်းပဲ ဆီးသွား ဝမ်းသွားရာမှ၊ ချွေးထွက်ရာကနေနဲ့ အသက်ရှူရင်တောင်မှ ရေဓာတ်ဆုံးရှုံးမှု ဖြစ်နေပါတယ်။ ဒီလိုမျိုး ဆုံးရှုံးသွားတဲ့ရေပမာဏကို လုံလောက်စွာ ပြန်ဖြည့်မပေးနိုင်ရင်တော့ ရေဓာတ် ခမ်းခြောက်စေပါတယ်။
ယာယီ ရေဓာတ်ခမ်းခြောက်တာရော နာတာရှည်ခမ်းခြောက်လာပါက အန္တရာယ်ရှိပါတယ်။ အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ လက္ခဏာတွေကတော့ -
● အလွန်အမင်းရေငတ်ခြင်း
● မျက်လုံးများချိုင့်ဝင်ခြင်း
● ခေါင်းကိုက်ခြင်း
● သွေးပေါင်ကျခြင်း
● နှလုံးခုန်မြန်ခြင်း
● စိတ်ရှုပ်ထွေးခြင်း၊ မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း တို့ဖြစ်ကြပါတယ်။
ဒီအတွက်ကုထုံးကတော့ ရိုးရိုးလေးပါပဲ။ တစ်နေ့လုံး အထူးသဖြင့် ပူတဲ့ရာသီဥတုမှာစိုရင် ရေကို တစ်စွတ်စွတ် သောက်နေပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး ရေဓာတ်ပါဝင်တဲ့ အစားအစာတွေ စားပေးပါ။ ဆီး ပုံမှန်သွားနေပြီးတော့ ရေဆာသလို မခံစားရဘူးဆိုရင်တော့ ရေဓာတ် လုံလောက်ပါတယ်။ နောက်ပြီး ဆီးအရောင်ကြည်နေရင်လည်း ဒါက ရေဓာတ် လုံလောက်ကြောင်း ပြပါတယ်။
>> အိပ်ရေးပျက်ခြင်း
အိပ်ရေးဝဝ မအိပ်တဲ့သူတွေကလည်း နေမကောင်းဖြစ်လွယ်ပါတယ်။ အိပ်နေတုန်းမှာ ကိုယ်ခံအားကောင်းဖို့အတွက် အရေးကြီးတဲ့ ပရိုတင်းဓာတ်တစ်မျိုး ထုတ်ပေးပြီးတော့ အိပ်ရေးပျက်တဲ့အခါမှာ ခန္ဓာကိုယ်က ဒီပရိုတင်းတွေ အလုံအလောက် မထုတ်တော့တဲ့အတွက် ကိုယ်ခံအားကို ကျဆင်းစေပါတယ်။
အရွယ်ရောက်ပြီးသူ အများစုအနေနဲ့ တစ်နေ့ကို ၇-၈ နာရီလောက ်အိပ်ဖို့လိုပြီးတော့ ဆယ်ကျော်သက်အရွယ်နဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁၀ နာရီလောက် အိပ်ဖို့လိုပါတယ်။
>> လက်များ ညစ်ပတ်ခြင်း
ကျွနု်ပ်တို့ရဲ့လက်တွေက တစ်နေကုန် ဟိုထိဒီထိနဲ့ ပိုးတွေ အများကြီး ရှိနေနိုင်ပါတယ်။ လက်ပုံမှန်မဆေးဘဲနဲ့ မျက်နှာ၊ နှှုတ်ခမ်း၊ အစားအစာတွေကို ထိတွေ့ကိုင်တွယ်တဲ့အခါမှာ ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်သလို ကိုယ်တိုင်လည်း နေမကောင်း ဖြစ်စေနိုင်ပါတယ်။
>> ခံတွင်းကျန်းမာရေး မကောင်းခြင်း
သွားတွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပြတင်းပေါက်တစ်ခုဖြစ်ပြီးတော့ ခံတွင်းကတော့ ကောင်းတဲ့ ဘက်တီးရီးယားပိုးတွေရော မကောင်းတဲ့ပိုးတွေပါ ပျော်စံရာနေရာတစ်ခုပါ။ နေကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ခုခံမှုတွေက ခံတွင်းကျန်းမာရေးကို ထိန်းပေးထားပါတယ်။ နေ့စဉ်သွားပုံမှန်တိုက်ခြင်း၊ သွားပွတ်ကြိုးတွေနဲ့ ပွတ်တိုက်ပေးခြင်းက အန္တရာယ်ပေးနိုင်တဲ့ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ခံတွင်းကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အနည်းဆုံး တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ သွားပွတ်ကြိုးနဲ့ပွတ်ပါ။ အထူးသဖြင့် အစာစားပြီးတဲ့အချိန်တွေမှာပေါ့။ သွားဆရာဝန်နဲ့လည်း ပုံမှန်စစ်ဆေးမှုခံယူပါ။
>> ကိုယ်ခံအားစနစ်ပြဿနာများ
ကိုယ်ခံအားစနစ်က အန္တရာယ်ရှိတဲ့အရာတွေဖြစ်တဲ့ ဘက်တီးရီးယားပိုး၊ အဆိပ်အတောက်တွေ၊ ကင်ဆာဆဲလ်တွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ မှိုတွေ၊ ပန်းဝတ်မှုံလိုမျိုး ဓာတ်မတည့်စေတဲ့အရာတွေနဲ့ ပြင်ပကအရာတွေကု မတိုက်ဖျက်နိုင်တော့တာကို ပြဿနာဖြစ်တယ်လို့ ပြောပါတယ်။ ကျန်းမာနေတဲ့လူမှာ ဆိုရင်တော့ ဒီအန္တရာယ်ရှိတဲ့အရာတွေ ဝင်ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်ကထုတ်ပေးတဲ့ ပဋိပစ္စည်းတွေနဲ့ တွေ့ပြီးတော့ ဖျက်ဆီးခံရပါတယ်။ ကိုယ်ခံအားစနစ် ကောင်းကောင်း အလုပ်မလုပ်တဲ့အခါမှာတော့ ဒီပဋိပစ္စည်းတွေကို ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်ခံအားပြဿနာက မွေးရာပါဖြစ်နိုင်သလို၊ အာဟာရချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ကိုယ်ခံအားနည်းလာပါတယ်။ ကိုယ့်ရဲ့မိသားစုဝင်ထဲမှာ ခုခံအားနဲ့ဆိုင်တဲ့ရောဂါတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
>> မျိုးရိုးဗီဇ
သွေးဖြူဥနည်းရင်လညး် မကြာခဏ နေမကောင်းဖြစ်စေနိုင်ပါတယ်။ ဒါက မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
>> ဓာတ်မတည့်တာမရှိဘဲနဲ့ ဓာတ်မတည့်တဲ့လက္ခဏာတွေပြနေလား
မျက်လုံးများ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းအုံခြင်းစတဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေကိုတော့ ဓာတ်မတည့်ခြင်းကြောင့်မဟုတ်တဲ့ လက္ခဏာတွေလို့ ခေါ်ပါတယ်။ ဒါကတော့ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေဖြစ်တဲ့ မြက်၊ ပန်းဝတ်မှုံနဲ့ တခြားဓာတ်မတည့်စေတဲ့အရာတွေနဲ့ထိတွေ့မှုမရှိဘဲနဲ့ အနံ့ပြင်းပြင်းတွေ၊ အချို့သောအစားအစာတွေ၊ စိတ်ဖိစီးမှု၊ ရာသီဥတုအပြောင်းအလဲ၊ ခြောက်သွေ့တဲ့လေတွေကြောင့် ဖြစ်နိုင်ပါတယ်။
>> စိတ်ဖိစီးမှု များလွန်းခြင်း
စိတ်ဖိစီးမှုဆိုတာက လူတိုင်းလိုလို အနည်းနဲ့အများ ကြုံတွေ့ကြနေကြရပါတယ်။ ဒါပေမဲ့လည်းပဲ နာတာရှည်စိတ်ဖိစီးမှုတွေကတော့ ခန္ဓာကိုယ်အပေါ် သက်ရောက်လာပြီးတော့ နေမကောင်းဖြစ်စေကာ ကိုယ်ခံအားစနစ်ရဲ့ တုန့်ပြန်နို်င်မှုကိုလည်း ကျဆင်းစေပါတယ်။ အနာကျက်နှေးစေခြင်း၊ ရောဂါပိုး မကြာခဏဝင်လွယ်ခြင်း၊ ရှိပြီးသား ကျန်းမာရေးပြဿနာကို ပိုဆိုးစေခြင်း စတဲ့အရာတွေကိုလညး် ဖြစ်စေပါတယ်။
ဒီတော့ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့်နညး်လမး်တွေကို ကျင့်သုံးပေးဖို့ လိုပါတယ်။
>> ကလေးငယ်များနှင့် ပိုးမွှားများ
ကလေးတွေက ရွယ်တူတွေနဲ့ ကစားမယ်၊ ညစ်ပတ်တဲ့မြေကြီးပေါ်၊ ညစ်ပတ်တဲ့အရာတွေနဲ့ ကစားမယ်၊ မြေကြီးက ညစ်ပတ်တာတွေကို ကောက်ယူမယ် စတာတွေကနေပြီးတော့ ပိုးမွှားတွေကို သယ်ဆောင်ဖြန့်ဝေပါတယ်။ ကလေးတွေကို ဒီလိုမကစားနဲ့လို့ သွားမတားဘဲနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အလေ့အကျင့်ကောင်းလေးတွေဖြစ်တဲ့ မကြာခဏလက်ဆေးခြင်း၊ နေ့တိုင်းရေချိုးခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးမွှားတွေ အိမ်မှာ ပျံ့နှံ့မှာကို ရပ်တန့်သွားစေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလညး် လက်ကို မကြာခဏဆေးခြင်း၊ တစ်ယောက်ယောက် နေမကောင်းရင် မျက်နှာပြင်တွေကို ပိုးသတ်ဆေးရည်နဲ့ သေချာပွတ်တိုက် သန့်စင်ခြင်း၊ ကလေး နေမကောင်းရင် အိမ်မှာပဲနားနေစေခြင်း စတာလေးတွေကို လိုက်နာပါ။
ဒီတော့ အမြဲချူချာနေတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးတော့ အကြောင်းအရင်းကို ရှာဖွေဖို့ လိုပါတယ်။ ဘာကြောင့်နေမကောင်း ဖြစ်နေရလဲဆိုတာကို သိသွားပြီဆိုရင်တော့ နေကောင်းစေဖို့အတွက် နည်းလမ်းလည်း တွေ့မှာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















