မျက်ခမ်း ဘာကြောင့်လှုပ်ရသလဲ
မျက်ခမ်း (အထူးသဖြင့် အပေါ်မျက်ခမ်း)က သူ့အလိုလိုလှုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မျက်လုံးနှစ် ဘက်စလုံးလှုပ်တတ်ပြီး မျက်ခမ်းက တစ်ခါလှုပ်ရင် တစ်မိနစ်၊ နှစ်မိနစ်ခန့်နဲ့ စက္ကန့်အနည်းငယ်ကြာ ရင် တစ်ကြိမ်လှုပ်တတ်ပါတယ်။
မျက်ခမ်းလှုပ်ခြင်းက နာကျင်ခြင်းမရှိ၊ အန္တရာယ်လည်းမပေးဘဲနဲ့ သူ့အလိုလိုပြန်ပျောက် သွားလေ့ရှိပါတယ်။ တစ်ခါတရံ လှုပ်တာအရမ်းပြင်းထန်ရင်တော့ မျက်ခွံလုံးဝပိတ်သွားပြီး နောက်မှပြန်ပွင့် လာတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။
မျက်ခမ်းလှုပ်တာမရပ်ရင်ဘာတွေဖြစ်နိုင်သလဲ?
အချို့လူတွေမှာ တစ်နေ့လုံး(သို့) ရက်၊ ရက်သတ္တပတ်၊ လအတော်ကြာအောင်တောင် ဆက်လှုပ်နေတတ်ပြီး ဘဝနေထိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဖြစ်တော့ဖြစ်ခဲပေမယ့် တကယ်လို့ မျက်ခမ်းလှုပ်တာက အချိန်အတော်ကြာအောင်ပျောက်မသွားဘူးဆိုရင် တစ်ချိန်လုံးမျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်ခြင်း (သို့) မျက်စိစွေပြီးကြည့်ခြင်းတွေ ဖြစ်စေပါတယ်။ မျက်လုံးပြန်မဖွင့်နိုင်တော့ရင် ကြည့်ဖို့အခက်အခဲဖြစ်ဖြစ်စေပါမယ်။
တစ်ခါတစ်ရံအောက်ပါရောဂါတွေကြောင့် မျက်ခမ်းလှုပ်နိုင်ပါတယ်
- မျက်ခမ်းရောင်ခြင်း
- မျက်လုံးခြောက်သွေ့ခြင်း
- အလင်းရောင်ဒဏ် မခံနိုင်ခြင်း
- မျက်ဖြူသားရောင်ခြင်း
- ဦးနှောက် (သို့) အာရုံကြောထိခိုက်တဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ (ဖြစ်ခဲပါတယ်။)
- Bell’s palsy (မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း)
- တစ်သျှူးတောင့်တင်းမှုပျက်စီးခြင်း
- Parkinson’s disease (ခြေလက်တုန်ယင်ခြင်း၊ လမ်းလျှောက်လျှင်ခြေတရွတ်ဆွဲခြင်း စသည့်လက္ခဏာများရှိသည့် အာရုံကြော အဖွဲ့အစည်းရောဂါတစ်မျိုး)
- စိတ်ရောဂါကုဆေးတွေနဲ့ အတက်ကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်းဖြစ်တတ်ပါတယ်။
မျက်ခမ်းလှုပ်ခြင်းအမျိုးအစားများ
မျက်ခမ်းလှုပ်ခြင်း အမျိုးအစား သုံးမျိုးရှိပါတယ်။
1. အဖြစ်အများဆုံးကတော့ မျက်ခမ်းအနည်းငယ်လှုပ်ခြင်းဖြစ်ပြီး လူနေမှုပုံစံတွေကြောင့်ဖြစ်နိုင်ပါတယ်။
- ပင်ပန်းနွမ်းနယ်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- အိပ်မပျော်ခြင်း
- အရက်၊ ဆေးရွက်ကြီး၊ ကဖင်းများ သောက်သုံးခြင်း
- အလင်းရောင်စူးစူး၊ လေတိုက်ခြင်း၊ လေထုညစ်ညမ်းခြင်း
- မျက်ကြည်လွှာနဲ့ မျက်ဖြူသားတွေကို ထိခိုက်မှုတစ်ခုခုကြုံတွေ့ရရင်လည်းဖြစ်နိုင်ပါတယ်။
2. မျက်ကြောလိုက်ခြင်း
လူလတ်ပိုင်းအစပိုင်းကနေ အကြီးပိုင်းအထိဖြစ်တတ်ပြီး တဖြည်းဖြည်းပိုဆိုးလာလေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် 2 ဆပိုဖြစ်လေ့ရှိပါတယ်။ အစပိုင်းမှာ မျက်တောင် အဆက်မပြတ်ခတ်နေတတ်ပြီး ပိုဆိုးလာရင် အလင်းရောင်ကိုမခံနိုင်ဖြစ်လာပြီး အမြင်ဝါးခြင်းနဲ့ မျက်နှာလေဖြတ်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဆိုးရွားလာလျှင် မျက်ခွံက နာရီအတော်ကြာအောင် ပိတ်နေနိုင်ပါတယ်။ သုတေသီတွေကတော့ ပတ်ဝန်းကျင်နဲ့မျိုးရိုးဗီဇကြောင့် မျက်ခမ်းလှုပ်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါက ဘယ်သူမှာမဆိုဖြစ်လေ့ရှိပေမယ့် မျိုးရိုးလိုက်တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့-
- ပင်ပန်းနွမ်းနယ်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- အလင်းရောင်စူးစူး၊ လေတိိုက်ခြင်း၊ လေထုညစ်ညမ်းမှုများ စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
3. မျက်နှာတစ်ခြမ်းအကြောလိုက်ခြင်း
ဖြစ်ခဲပါတယ်။ ပါးစပ်နဲ့ မျက်ခမ်းဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေပါပါတယ်။ အခြားနှစ်မျိုးနဲ့မတူတာကတော့ မျက်နှာတစ်ခြမ်းပဲထိတာဖြစ်ပြီး အဖြစ်များဆုံးအကြောင်းရင်းကတော့ မျက်နှာမှာရှိတဲ့အာရုံကြောကို သွေးလွှတ်ကြောက ဖိနှိပ်ထားခြင်းကြောင့်ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆေးခန်းသွားသင့်ပြီလဲ
- မျက်ခမ်းလှုပ်ခြင်းက တစ်ပတ်ထက်ပိုကြာခြင်း
- မျက်ခွံလုံးဝပိတ်သွားခြင်း
- အကြောဆွဲခြင်းက အခြားမျက်နှာကြွက်သားတွေကိုပါ ထိခြင်း
- မျက်လုံးနီခြင်း၊ ရောင်ခြင်းနှင့် မျက်ဝတ်ထွက်ခြင်း
- အပေါ်မျက်ခွံပြုတ်ကျခြင်း စသည်များဖြစ်လျှင် ဆရာဝန်နဲ့သွားပြပါ။
ဆရာဝန်က ဦးနှောက် (သို့) အာရုံကြောထိခိုက်တယ်လို့ သံသယရှိရင် အခြားဖြစ်လေ့ရှိတဲ့လက္ခဏာတွေကိုစစ်ကြည့်ပြီး လိုအပ်ရင် ဦးနှောက်နဲ့အာရုံကြောအထူးကုဆီကို လွှဲပေးပါလိမ့်မယ်။
ကုထုံးများ
အများအားဖြင့်တော့ မျက်ခမ်းအနည်းငယ်လှုပ်ခြင်းက သူ့အလိုလိုပျောက်သွားလေ့ ရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူပါ။ အရက်၊ ဆေးလိပ်၊ ကဖင်းဓာတ်တွေကို ဖြတ်ပါ။
မျက်လုံးခြောက်ခြင်း၊ မျက်လုံးခိုးလိုးခုလုဖြစ်ခြင်းကြောင့်ဆိုရင်တော့ မျက်ရည်အတုဖြစ်စေခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
မျက်ကြောလိုက်ခြင်းကို ကုသတဲ့နည်းလမ်းမရှိသော်လည်း ပိုဆိုးခြင်းကိုသက်သာစေမယ့် ကုထုံးအမျိုးမျိုးရှိပါတယ်။ အသုံးများဆုံးကတော့ botulinum toxin (Botox, Dysport, Xeomin) စတဲ့ဆေးတွေကို မျက်လုံးကြွက်သားထဲကို အနည်းငယ်ထိုးထည့်ခြင်းဖြင့် အကြောဆွဲခြင်းကို သက်သာစေနိုင် ပါတယ်။ ကုသမှုအကျိုးက လအနည်းငယ်ခံပြီး ဓာတ်ပြယ်သွားရင် ထပ်ပြီးဆေးထိုးဖို့လိုအပ်ပါတယ်။
Dr. Mya Myo Myo Swe















