မျက်စိနာတဲ့အခါ ...
ကိုယ်ကိုယ်တိုင်မှာပဲဖြစ်ဖြစ်၊ ကိုယ့်သားသားမီးမီးလေးတွေမှာပဲဖြစ်ဖြစ် မျက်လုံးကြီး ရဲလာပြီဆိုတာနဲ့ ဆရာဝန်ဆီ ချက်ချင်းပြေးကြမှာပါပဲ။ တကယ်တော့ ဒီလောက်တော့ မလိုပါဘူးနော်။
ဓာတ်မတည့်တာတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် မျက်လုံးရဲတတ်တယ်။ ဒါကို မျက်လုံးအပေါ်ယံ အမြှေးပါးရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ဒီလို မျက်လုံးအမြှေးပါး ရောင်ရမ်းတဲ့အခါ မျက်လုံးကြီးရဲပြီး ယားယံလာတတ်တယ်။ ဖြစ်တဲ့မျက်လုံးမှာ မျက်ရည်ပူတွေကျတာ၊ မျက်ဝတ်ဖြူဖြူ၊ ဝါဝါတွေ ထွက်တာမျိုး ဖြစ်တတ်တယ်။ ရောဂါလက္ခဏာတွေဟာ တစ်ပတ်၊ ၁၀ ရက်လောက် ကြာနိုင်ပြီး ဆရာဝန်နဲ့ ပြစရာမလိုဘဲနဲ့ကို သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
>> မျက်လုံးရဲတာ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါ။
♦ ရေပတ်ဝတ် ကပ်ပေးပါ။
အဝတ်သန့်သန့်လေးကို ရေထဲနှစ်၊ ရေစင်အောင် ညှစ်ပြီးတော့ မျက်ခွံပေါ် သာသာလေး တင်ပေးပါ။ မျက်လုံး ထိခိုက်မိမှာစိုးလို့ အရမ်းဖိတာမျိုးကို ရှောင်ပါ။ မျက်လုံးတစ်ဖက်တည်း ရဲနေတာဆိုရင် တခြားတစ်ဖက်ကို အဲဒီအဝတ်စ သွားမတင်မိစေနဲ့နော်။ ပိုးကူးသွားနိုင်တယ်။
ရေနွေးလေးနဲ့မှ ပိုသက်သာတယ်ထင်ရင် ရေနွေးနွေးလေးကို သုံးပေးပါ။ အရမ်းကြီးလည်း မပူပါစေနဲ့။ မျက်လုံးရဲတာ ပိုဆိုးလာပြီး မျက်ခွံတွေ လောင်သွားလိမ့်မယ်။ တစ်ခါကပ်ရင် မိနစ်ပိုင်းလောက် ကပ်ပေးပါ။ တစ်နေ့လုံး အကြိမ်ကြိမ် ကပ်ပေးလို့ရတယ်။ တခြားသူတွေကိုတော့ ရေပတ်ဝတ်ကို မထိမိစေနဲ့နော်။
♦ မျက်စဉ်းရည်လေး ခပ်ပေးပါ။
ယားယံတာတွေ သက်သာသွားစေဖို့ ဆေးဆိုင်မှာ မျက်စဉ်းရည်လေး ဝယ်ခပ်လို့ရပါတယ်။
● မျက်ရည်တုပါတဲ့ မျက်စဉ်းရည်ကို ဝယ်ပါ။
● မျက်လုံးနီတာအတွက် ကြော်ငြာထားတဲ့ မျက်စဉ်းရည်တွေကို ရှောင်ရှားပေးပါ။ မျက်လုံးရဲစေတဲ့ တကယ့်အကြောင်းရင်းကို ဖုံးကွယ်သလို ဖြစ်သွားနိုင်လို့ပါ။
● ဓာတ်မတည့်တာကြောင့် မျက်လုံးရဲနေရင် မျက်စဉ်းကို ရေခဲသေတ္တာထဲထည့်ပြီး သုံးပေးပါ။
♦ မျက်ကပ်မှန် မတပ်ပါနဲ့။
မျက်လုံးရဲတာ အရှင်းပျောက်သွားတဲ့အချိန်အထိ မျက်ကပ်မှန် မတပ်ပါနဲ့။
မျက်ကပ်မှန်နဲ့ မျက်ကပ်မှန်ဘူးမှာလည်း ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ကပ်တွယ်နေနိုင်လို့ ပြန်ပြန်မကူးရလေအောင် သန့်စင်ဖို့လိုပါတယ်။
♦ လျှော်ဖွပ်ပါ။
ဓာတ်မတည့်တာကြောင့် မျက်လုံးမြှေး ရောင်ရမ်းတာဆိုရင် အဝတ်အစားတွေ၊ ခေါင်းအုံးစွပ်တွေကို လျှော်ဖွပ်ပေးဖို့လိုတယ်။ မအိပ်ခင် ရေချိုးပေးတာကလည်း အဆင်ပြေတယ်။ ဘာနဲ့ ဓာတ်မတည့်တာလဲဆိုတာ သိရင်လည်း ဒါကိုရှောင်ရှားဖို့ လိုတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြရမလဲ?
မျက်လုံးကြီး ရောင်ပြီး နီနေခဲ့ရင် မျက်လုံးရဲခြင်း ဟုတ်ချင်မှ ဟုတ်မှာပါ။ မျက်စိ စွံနေတာလဲ ဖြစ်နိုင်ပါတယ်။ မျက်စိစွံရင် မျက်ခွံပေါ်မှာ ဝက်ခြံဖုလို နီနီအဖုကြီး ဖြစ်နေတတ်တယ်။
ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်။ အိမ်တွင်းနည်းလမ်းတွေကို ရက်ပိုင်းလောက် လုပ်ကြည့်ပြီးတဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုတယ်။
>> မျက်လုံးရဲတာအပြင်
● ဖျားနာတာ
● နာကျင်တာ
● အမြင်အာရုံ ပြောင်းလဲတာတွေ ပါရှိနေရင်တော့ ဆရာဝန်နဲ့ ပြသင့်တယ်။
အိမ်ထဲမှာရှိတဲ့အရာတစ်ခုခုကြောင့် ဓာတ်မတည့်ဘဲ မျက်လုံးရဲလာရင် ဘာကြောင့်ဖြစ်တယ်ဆိုတာကို လိုက်ရှာပြီး နောက်ပိုင်း ထပ်မဖြစ်အောင် ဖယ်ရှားပစ်ဖို့ လိုတယ်။
>> မျက်စိနာတာကို ဘယ်လိုကာကွယ်ကြမလဲ?
အိမ်မှာ မျက်စိနာသူ တစ်ယောက်လောက် ရှိလာခဲ့ရင် သူများတွေပါ မကူးစက်အောင် ကာကွယ်ဖို့ လိုပါတယ်။
ဒီလိုကာကွယ်ရာမှာ အရေးကြီးဆုံး (၂) ချက်က -
1. လက်ကို မကြာမကြာ ဆေးကြောပေးပါ။
2. မျက်လုံးကို မထိမကိုင်ပါနဲ့။
တဘက်တွေ၊ ခေါင်းအုံးစွပ်တွေကို မကြာမကြာ လဲလှယ်ပေးပြီး ရေနွေးလေးန့ဲ လျှော်ဖွပ်ပေးပါ။ မျက်စိနာနေသူသုံးတဲ့ တဘက်တွေ၊ ခေါင်းအုံးတွေကိုလည်း မျှဝေသုံးစွဲခြင်းမှ ရှောင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















