မျက်လုံး ခြောက်သွေ့ယားယံတာကို ဘယ်လိုလုပ်ရမလဲ?
မျက်လုံး ခြောက်သွေ့ယားယံတဲ့အခါ မကြာခဏ ပွတ်မိကြပြီး ပိုး၀င်ကာ ပိုမိုရောင်ရမ်းလာတတ်ကြပါတယ်။
မျက်လုံးလေးကို သဘာ၀အတိုင်း စိုစွတ်ချောမွေ့စွာ လှုပ်ရှားနိုင်စေဖို့ မျက်ရည်ထွက်ပေးရပါတယ်။ ချောဆီအနေနဲ့ ထွက်တဲ့မျက်ရည်ဟာ မျက်လုံးလေးကို စိုနေစေပြီး တောက်ပစေပါတယ်။ အပြင်က ၀င်လာတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားဆေးကြောပေးပါတယ်။ မျက်လုံးထဲ တစ်ခုခု ၀င်လာရင် မျက်ရည်တွေ ထွက်လာပြီး ၀င်နေတဲ့အမှိုက်ပါ မျက်ရည်လေးနဲ့ ပါသွားတတ်တယ်လေ။
>> မျက်လုံးလေးတွေ ခြောက်သွေ့ယားယံတာ ဘာလို့လဲ?
● အသက် 65 နှစ်အရွယ် လူကြီးတွေမှာ သဘာ၀အတိုင်း မျက်လုံးအစိုဓာတ် နည်းလာတဲ့အတွက် မျက်လုံး ခြောက်သွေ့ယားယံတတ်ပါတယ်။
● ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် မျက်လုံး ယားလာတတ်ပါတယ်။
● သိုင်းရွိုက်ဟော်မုန်းဆေးတွေ ဓာတ်မတည့်တာအတွက် သောက်ဆေးတွေ၊ သွေးကျဆေးတချို့က မျက်လုံး ခြောက်သွေ့စေပါတယ်။
● သွေးလေးဖက်နာ၊ ကိုယ်ခံအား မူမမှန်ရောဂါ၊ အဆစ်အမြစ်ရောဂါတချို့မှာ မျက်လုံး ယားတတ်ပါတယ်။
● ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ လေပူဒဏ်၊ နေပူဒဏ်တွေကြောင့် မျက်လုံး ခြောက်လာတတ်ပါတယ်။ အခန့်မသင့်ရင် ပိုး၀င်ပြီးတောင် မျက်စိကျိန်းဖူးကြတယ် မဟုတ်ပါလား။
>> မျက်လုံး ခြောက်သွေ့ယားယံရင် ဘာလုပ်သင့်သလဲ?
● သဘာ၀မျက်ရည်ကို ပြန်လည်ဖန်တီးထားတဲ့ မျက်စဉ်းတစ်မျိုး ရှိပါတယ်။ Artificial tear လို့ ခေါ်ကြတယ်။ မျက်စိဆရာ၀န်နဲ့ တိုင်ပင်ပြီး ခတ်ပေးပါ။
● နေကာမျက်မှန် တပ်ပါ။ လေပူ၊ နေပူ၊ ဖုန်တွေ မ၀င်စေဖို့ အပြင်ထွက်တိုင်း နေကာမျက်မှန် လှလှလေးတပ်ပြီး ကာကွယ်ထားပါ။
● ပိုး၀င်ပြီး နီတာ၊ ရောင်တာတွေအတွက်တော့ ပဋိဇီ၀ဆေး ပါ၀င်တဲ့ မျက်စဉ်း လိုအပ်တာမို့ ကျန်းမာရေးဌာနကို ပြသပါ။
● ကိုယ်သောက်နေတဲ့ ဆေးတွေကို ဆန်းစစ်ပါ။ မျက်စိခြောက်ပြီး ယားနေကြောင်း ဆရာ၀န်ကို အသိပေးပါ။
● ဆားရည်တွေ၊ ရေတွေနဲ့ မဆေးပါနဲ့။ ခဏတဖြုတ်ဖြစ်တဲ့ မျက်စိ ခြောက်သွေ့တာတွေက သူ့အလိုလို မကြာခင် သက်သာလေ့ ရှိပါတယ်။ မျက်လုံးကို မပွတ်ပါနဲ့။ သတိထားနေလျက်တောင် မျက်လုံးကို လက်နဲ့ ထိချင်နေတာမို့ လက်သန့်စေဖို့ လက် မကြာခဏ ဆေးပါ။
● ခွဲစိတ်ပြုပြင်ပြီး မျက်လုံးကို စိုစွတ်အောင် မျက်ရည်ဂလင်းတွေကို ပြုပြင်တဲ့နည်း ရှိပါတယ်။ ရောဂါအခံ တစ်ခုခုကြောင့် မဖြစ်မနေ သောက်နေရတဲ့ ဆေးတွေကြောင့် မျက်လုံး မကြာခဏ ခြောက်သွေ့ယားယံနေတာကို ကုသလို့ ရပါတယ်။ ဒီအတွက် လုပ်သင့်၊ မလုပ်သင့် ဆရာ၀န်ကို တိုင်ပင်လို့ ရပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















