လက်တွေ ထုံကျဉ်နေတာ ဘာကြောင့်လဲ?
လက်တွေ ထုံထုံကျဉ်ကျဉ် ဖြစ်နေတာဟာ အတော် နေရထိုင်ရခက်တဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။
>> ဘာကြောင့် ဒီလို လက်တွေ ထုံကျဉ်နေရတာလဲ?
အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ -
1. Carpal Tunnel Syndrome
လက်ဖဝါးအရင်းမှာ အာရုံကြောတွေ၊ အရွတ်တွေ ဖြတ်သွားနိုင်တဲ့ Carpal Tunnel လို့ခေါ်တဲ့ လမ်းကြောင်းကျဉ်းကျဉ်းလေးတစ်ခု ရှိပါတယ်။ ဒီလမ်းကြောင်းထဲကနေ ဖြတ်သွားတဲ့ အာရုံကြောတစ်ခုကတော့ လက်မ၊ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တစ်ဝက်ရဲ့ အာရုံခံစားမှုကိုပေးတဲ့ Median Nerve အာရုံကြောပဲ ဖြစ်ပါတယ်။ ဒီ Medain Nerve ဟာ carpal tunnelထဲ ဖိမိ၊ ညှပ်မိသွားတဲ့အခါ လက်ဖျံနဲ့ လက်ကောက်ဝတ်တွေ နာကျင်လာပြီး လက်မ၊ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တစ်ဝက်တွေမှာ ထုံထုံကျဉ်ကျဉ် ဖြစ်လာတတ်ပါတယ်။
Carpel Tunnel Syndrome ရှိနေတာ သေချာပြီ ဆိုရင်တော့ လက်ကောက်ဝတ်ထိန်းတွေ ဝတ်တာ၊ Cortisone စတီးရွိုက်ဆေးတွေ ထိုးတာ၊ အလုပ်အကိုင် ပြောင်းတာတွေအပြင် အရမ်းဆိုးခဲ့ရင် လမ်းကြောင်းချဲ့တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ရပါမယ်။
2. Raynaud’s Phenomenon
စိတ်ဖိစီးမှု များတဲ့အခါ၊ အအေးဒဏ် ခံစားရတဲ့အခါတွေမှာ လက်ချောင်း၊ ခြေချောင်းတွေမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက် ကျဉ်းကျဉ်းသွားပြီး လက်ချောင်းလေးတွေ ဖြူပြာလာတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ် နှစ်ဖက်လုံးမှာ ဖြစ်တတ်ပြီး သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာတို့လိုမျိုး ခုခံအားစနစ် မှားယွင်းတိုက်ခိုက်နေတဲ့ ရောဂါမျိုးတွေမှာ ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်မှန်းမသိတဲ့ Primary Raynaud’s Phenomenon ရောဂါရှိသူတွေမှာ လူနေမှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ ဆရာဝန်တွေက နွေးနွေးထွေးထွေး ခြောက်ခြောက်သွေ့သွေ့နေပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ ဆေးလိပ်ဖြတ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီလို လူနေမှုပုံစံ ပြောင်းလဲရုံမျှနဲ့ မသက်သာခဲ့ရင် သွေးကြောတွေ ကျယ်စေနိုင်တဲ့ ဆေးတွေသောက်ဖို့ လိုအပ်ပါတယ်။
3. အာရုံကြောတွေ ဖိမိခြင်း၊ ပျက်စီးသွားခြင်း
မကြာခဏ အဖိခံရထားရတတ်တဲ့ နေရာတွေမှာ အာရုံကြော ဖိမိတတ်ပါတယ်။ ဒီလို အဖြစ်များတတ်တဲ့ နေရာတွေကတော့ လည်ပင်းအဆစ်၊ ပခုံး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တွေ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဖိမိနေလဲ ဆိုတာကို သိဖို့အတွက် စမ်းသပ်ကြည့်ပြီး ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ထိခိုက်မိသလဲဆိုတာ သိနိုင်ဖို့ Electromyogram နဲ့ Nerve Conduction Velocity Test တွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို အာရုံကြောတွေ ဖိမိ၊ ပျက်စီးတဲ့အခါ အနားယူတာ၊ အထိန်းဝတ်တာ၊ Cortisone စတီးရွိုက်ထိုးတာနဲ့ အရမ်းဆိုးရွားလာတဲ့အခါ ခွဲစိတ်တာမျိုးတွေ လုပ်သင့်ပါတယ်။
4. Peripheral Neuropathy
အစွန်အဖျားမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်မိတဲ့ ဒီရောဂါဟာ အာရုံကြော တစ်ချောင်းတည်းကို ထိနိုင်သလို အာရုံကြော အများကြီးကိုလည်း ထိနိုင်ပါတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေထဲမှာ ဆီးချိုရောဂါ၊ သိုင်းရွိုက်ဓာတ်နည်းရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဗီတာမင်ဓာတ် အားနည်းခြင်းနဲ့ အဆိပ်အတောက်တွေနဲ့ ထိတွေ့မိခြင်း စတာတွေပါဝင်သလို သွေးတိုးကျဆေး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားစနစ် မှားယွင်းတိုက်ခိုက်တဲ့ ရောဂါ၊ အရက်စွဲရောဂါနဲ့ HIV/AIDS ရောဂါတွေမှာလည်း ရတတ်ပါသေးတယ်။
ဖြစ်စေတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ကုသမှု ကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် ဖြစ်တဲ့အခါ ဆီးချိုကို အဓိကချရမှာ ဖြစ်ပါတယ်။ နာကျင်မှုတွေ သက်သာစေဖို့ Pregabalin၊ Gabapentin စတဲ့ ဆေးတွေ သောက်ပေးနိုင်ပြီး အာရုံကြော ထိခိုက်စေနိုင်တဲ့ဆေးတွေကို ရှောင်ကြဉ်ရပါမယ်။
5. Dupuytren’s Contracture
ဒီရောဂါမှာ လက်ဖဝါးရှိ တစ်သျှူးတွေ ထူလာပြီး လက်ချောင်းတွေကို လက်ဖဝါးဘက် ကွေးနေအောင် ဆွဲသွားပါတယ်။ လက်မှာ ထူလာတဲ့ အဖုအကြိတ်တွေဟာ မနာမကျင်ပေမယ့် ဒီလိုအခြေအနေ ခံစားနေရသူတွေဟာ နာကျင်မှုဝေဒနာကို ခံစားရတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတဲ့အခါ လက်ဆေးဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ နေ့စဉ်အလုပ်တွေ လုပ်ကိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။
မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် တကယ်တမ်း ဘာကြောင့်ဖြစ်သလဲ ဆိုတာကိုတော့ ရေရေရာရာ မသိရှိရသေးပါဘူး။ အများစုမှာ အသက် 40 ကျော်၊ ဥရောပနွယ်ဖွား အမျိုးသားတွေမှာတော့ တွေ့ရလေ့ရှိပါတယ်။ ကုသစရာ မလိုပေမယ့် အရမ်းဆိုးတဲ့ရောဂါတွေမှာ ဆေးထိုးတာ၊ ခွဲစိတ်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြဖို့လိုမလဲ?
အများစုမှာတော့ အချိန်နည်းနည်း ကြာလာတဲ့အခါ ကြပ်ထိုး၊ ဆေးသောက်ရုံလောက်နဲ့ ပျောက်ကင်းသွားတတ်ပေမယ့် ရောဂါလက္ခဏာတွေ ပိုပိုဆိုးလာပြီး မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်လာတဲ့အခါ၊ ရက် 30 ကျော်လာတဲ့အထိ မပျောက်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရောဂါကို စောစောသိလေ၊ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်လေလေပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















