လက်သန့်ဆေးရည်ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ
Corona virus ကို ကာကွယ်ဖို့ အသိပညာပေးချက်တိုင်းမှာ အဓိကပါတာကတော့ လက်ဆေးဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ကြဖို့ပါဘဲ။
လက်ဆေးတဲ့နေရာမှာ ရောဂါပိုးမွှားအားလုံးကို သေစေနိုင်တဲ့ လက်ဆေးနည်းကတော့ ရေရယ်၊ ဆပ်ပြာရယ်နဲ့ ဆေးတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ရေနဲ့ ဆပ်ပြာမရတဲ့နေရာမှာ ဆိုရင်တော့ လက်သန့်ဆေးရည် သုံးရတော့မှာပေါ့။
လက်သန့်ဆေးရည်ဟာ အနည်းဆုံး alcohol 60% ပါတာကမှ အာနိသင်ရှိမှာပါ။ လက်တစ်ခုလုံးအတွက် လုံလောက်တဲ့ပမာဏကို ယူပါ။ ပျံ့နှံအောင် အနည်းဆုံး စက္ကန့် ၂၀ လောက်ပွတ်ပါ။ သူ့ဘာသာ ခြောက်အောင်ထားပါ။ သုတ်ပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ သူက ရေနဲ့ ဆပ်ပြာလောက်တော့ ပိုးမွှားတွေကို မသေစေပါဘူး။
Wet tissues လိုအရာတွေကတော့ လက်ကို သုတ်မယ့်အစား ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်ဖို့လောက်ပဲ သင့်တော်ပါတယ်တဲ့။ ပိုးမွှားတွေကို သေစေတာထက် ပိုပြီးတောင် ပျံနှံစေတယ်လို့ တစ်ချို့ သုတေသနတွေက ဆိုပါတယ်။ Wet tissue ဆိုရင် alcohl 40 % ပါတာလောက် သုံးပါ။ ခြောက်နေတာတွေဆို မသုံးပါနဲ့။
>> ရေ/ ဆပ်ပြာနဲ့ ဆိုရင်ရော
● ရေဘုံဘိုင်/ စီးနေတဲ့ရေနဲ့ လက်ကို စိုစွတ်အောင် လုပ်ပါ။ ခံထားတဲ့ရေ/ ရေသေကို မသုံးပါနဲ့။
● ဆပ်ပြာထည့်ပြီး လက်ကို ပွတ်တိုက်ဆေးပါ။ “ ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ “ ဒီအတိုင်း မကျန်ရအောင်ဆေးပါ။
● အနည်းဆုံး စက္ကန့် ၂၀ ဆေးပါ။
● ပြီးရင် ရေသန့်၊ စီးဆင်းနေတဲ့ ရေနဲ့ပဲ ပြန်ဆေးချပါ။
● သန့်ရှင်းတဲ့ အဝတ်၊ တစ်ရှူး ဒါမှမဟုတ် လေနဲ့ပဲ ခြောက်အောင်လုပ်ပါ။ စိုစွတ်တဲ့လက်တွေဟာ ပိုးမွှားတွေကို ပိုပြီးပျံနှံစေပါတယ်။
>> ဘယ်အချိန်တွေမှာ ဆေးရမလဲ?
● အစာကို မပြင်ဆင်ခင်၊ ပြင်ဆင်ပြီး
● အစားမစားခင်၊ စားပြီး
● နေမကောင်းတဲ့လူကို ပြုစုနေရရင် လူနာကို မကိုင်တွယ်ခင်၊ ကိုင်တွယ်ပြီး
● ဒဏ်ရာရထားရင် ဒဏ်ရာကို ဆေးမလိမ်းခင်နဲ့ ဆေးလိမ်းပြီး
● အိမ်သာတက်ပြီးတိုင်း
● ကလေးငယ်ကို diaper လဲပေးပြီးတိုင်း
● နှာချေ၊ ချောင်းဆိုး၊ နှာခေါင်းညစ်ပြီးတိုင်း
● တိရစ္ဆာန်တွေကို ကိုင်တွယ်၊ အစာကျွေး ပြီးတိုင်း
● စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ပြီးတိုင်း
Dr. Htar (www.drmyanmar.com)
















