လက် အဆစ်ရောင်ခြင်းကို ကုသပေးနိုင်သော လေ့ကျင့်ခန်းများ
လက်လှုပ်ရှားမှု အားကောင်းစေဖို့၊ သန်မာစေဖို့နဲ့ နာကျင်ကိုက်ခဲခြင်းတို့အတွက် လက်လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။
● လက်သီးဆုပ် လေ့ကျင့်ခန်း
လွယ်ကူတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် လက်ရောင်ရမ်း တောင့်တင်းပြီး နာကျင်နေချိန်မှာ လက်သီးလေး ဆုပ်တာကတောင်မှ ခက်ခဲနိုင်ပါတယ်။ လက်သီးကိုဆုပ်လိုက်၊ ဖြန့်လိုက် လုပ်ကြည့်ပါ။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီးတင်းတင်းဆုပ်ပါ။
● လက်ချောင်းကွေးခြင်း
လက်ကို ကျယ်ကျယ်ဖြန့်ထားပြီး တစ်ကြိမ်ကို လက်တစ်ချောင်းကွေးပါ။ စက္ကန့် အနည်းငယ်ထားပြီး ပြန်ဆန့်ပါ။
● လက်မ ကွေးခြင်း
လက်မကို စက္ကန့်အနည်းငယ် ကွေးထားပါ။ ပြီးမှ ပြန်ဆန့်ပါ။ ကွေးလိုက် ဆန့်လိုက် လုပ်ပေးပါ။
● ' O ' ပုံစံလုပ်ပါ။
လက်ဖြန့်ထားပါ။ လက်ချောင်းများနှင့် လက်ကိုကွေးပြီး ' O ' ပုံစံ ရအောင်လုပ်ပါ။ ခဏထားပြီး ပြန်ဆန့်ပါ။ ထပ်ခါ ထပ်ခါ လုပ်ပါ။
● လက်သန်းကို အောက်ဘက်မှာထားပြီး စားပွဲပေါ်တွင် လက်ဝါးကိုဘေးတိုက် တင်ထားပါ။ လက်မကို အပေါ်ထောင်ထားပါ။ လက်မကို အပေါ်ထောင်လျက်ထားပြီး ကျန်လက်ချောင်းများကို အတွင်းဘက်သို့ ကွေးပြီး L ပုံစံ ဖြစ်ပါစေ။ ဒီပုံစံအတိုင်းစက္ကန့် အနည်းငယ် ထားပြီးမှ လက်ချောင်းများကို ပြန်ဖြေလျော့ပါ။ ဒီအတိုင်းထပ်လုပ်ပါ။
● လက်ချောင်းပင့်တင်ခြင်း
စားပွဲပေါ် လက်ကိုမှောက်ပြီး တင်ထားပါ။ လက်မမှ စပြီး လက်ချောင်းတစ်ချောင်းစီကို တစ်ကြိမ်လျှင် တစ်ချောင်းစီ စားပွဲပေါ်မှ ကြွအောင် မတင်ပါ။ စက္ကန့် အနည်းငယ်ထားပြီမှ ပြန်ချပါ။
● လက်ကောက်ဝတ် လေ့ကျင့်ခန်း
လက်ကိုမှောက်လျက် ရှေ့ဆန့်ထုတ်ပါ။ လက်ကောက်ဝတ်ကို အောက်ကို ကွေးချပါ။ ပိုတင်းစေလိုပါက ကျန်လက်တစ်ဖက်ဖြင့် လက်ကောက်ဝတ်ကို ဖိချပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















