လည်ချောင်းနာ၊ ချောင်းဆိုးတာတွေကိုသက်သာစေဖို့
ပတ်ဝန်းကျင်အခြေအနေကြောင့်ပဲဖြစ်ဖြစ် ဓာတ်မတည့်လို့ပဲဖြစ်စေ ရောဂါပိုးတစ်ခုခုဝင်ရင်ပဲဖြစ်ဖြစ် ချောင်းတွေတဟွတ်ဟွတ်ဆိုး၊ လည်ချောင်းတွေနာဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့လည်း ကိုယ့်ဟာကိုဆေးလေးဝယ်သောက်လိုက်၊ အိမ်တွင်းနည်းလေးတွေနဲ့ပဲကုလိုက်နဲ့ပျောက်သွားလေ့ရှိတယ်။ ဒီလိုမှမပျောက်ဘဲ ဆက်ပြီး ချောင်းခြောက်တွေဆိုး၊ လည်ချောင်းတွေနာနေရင် (သို့) ခဏခဏဒီလိုဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့လိုပြီပေါ့။
>> ရေဓာတ်ပြည့်ဝအောင်နေပါ
အဆင့် ၁
ရေဓာတ်ခမ်းခြောက်တဲ့အခါတွေမှာလည်း လည်ချောင်းနာချောင်းဆိုးဖြစ်တတ်ပါတယ်။ ဒီတော့ ပထမဆုံးအနေနဲ့ အရည်များများသောက်ပါ။ ရေကတော့အကောင်းဆုံးပါပဲ။ ဖျော်ရည်ကျဲကျဲတွေ၊ စွပ်ပြုတ်တွေသောက်ရင်လည်းကောင်းပါတယ်။
အဆင့် ၂
ရေခဲချောင်းလေးစုပ်ပေးတာကလည်း လည်ချောင်းနာတာကို ထုံသွားစေပြီးတော့ ခဏတာသက်သာရာရစေသလို ငုံဆေးပြားတွေ၊ သကြားလုံးတွေကလည်း အထောက်အကူဖြစ်စေပါတယ်။
အဆင့် ၃
ရေဓာတ်ပြည့်ဝဖို့ အရေးကြီးတယ်ဆိုတာကို လျှော့မတွက်ထားပါနဲ့။ လည်ချောင်းထဲမှာရှိိနေတဲ့ချွဲသလိပ်တွေက ဘက်တီးရီးယားပိုးတွေနဲ့ အခြားအရာတွေကို တွယ်ကပ်စေပါတယ်။ ရေများများသောက်ခြင်းအားဖြင့် အချွဲတွေအရမ်းခြောက်သွားတာ၊ ပျစ်သွားတာတွေကိုကာကွယ်ပေးသလို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတုန့်ပြန်မှုကိုလည်းအားကောင်းစေပါတယ်။
>> စိုထိုင်းမှု
အဆင့် ၁
အခန်းထဲမှာ ရေငွေ့ပေးတဲ့စက်ထားထားခြင်းဖြင့် ရေငွေ့အစက်လေးတွေက လေထဲကိုပျံ့နှံ့သွားတော့ အသက်၇ှူလမ်းကြောင်းတစ်လျှောက်စိုစွတ်မှုပေးတဲ့အတွက် အသက်ရှူရတာကို လွယ်ကူသက်သာစေပါတယ်။
အဆင့် ၂
ရေပူနဲ့အချိန်ကြာကြာရေချိုးပေးခြင်းကလည်း ရေငွေ့ပေးစက်ဖွင့်ထားသလိုမျိုးပဲ အကျိုးကျေးဇူးရစေပါတယ်။
>> ကုသပါ
အဆင့် ၁
Ibuprofen, aleve, acetaminophen စတဲ့ဆေးတွေသောက်ရင်လည်ချောင်းနာတာကို သက်သာစေပါတယ်။ ဘယ်လောက်သောက်ရမယ် ဘယ်နှကြိမ်သောက်ရမယ်ဆိုတာကို ဆေးအညွှန်းမှာဖတ်ပြီးသောက်ပါ။
အဆင့် ၂
နောက်တစ်နည်းကတော့ ဆားရည်နဲ့ပလုတ်ကျင်းပေးတာပါ။ ရေနွေးနွေးလေးတစ်ခွက်ထဲမှာ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်မွှေပြီးတော့ ပလုပ်ကျင်းပေးခြင်းက လည်ချောင်းနာတာကိုသက်သာစေပါတယ်။
အဆင့် ၃
ချောင်းဆိုးပျောက်ဆေးတွေလည်းဝယ်သောက်လို့ရပါတယ်။
အဆင့် ၄
ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကြပ်တွေဖြစ်လေ့ရှိလို့ ဆရာဝန်ညွှန်ထားတဲ့ဆေးရှိရင် ညွှန်ကြားထားတဲ့အတိုင်းသောက်ပါ။ အပြည့်အဝအနားယူတာကလည်း မြန်မြန်ပြန်ကောင်းလာဖို့အတွက် အရေးကြီးပါတယ်။
လည်ချောင်းနာချောင်းဆိုးလေ့ရှိသူတွေအတွက်ဆောင်ထားသင့်တဲ့အရာတွေကတော့
- ရေ
- ဆား
- စွပ်ပြုတ်၊ ဖျော်ရည်ကျဲကျဲစတဲ့အရည်ကျဲတွေ
- ငုံဆေး၊ သကြားလုံး
- ရေခဲ၊ ရေခဲချောင်း
- ပျားရည်၊
- ရေငွေ့ပေးစက်
- ချောင်းဆိုးပျောက်ဆေး
- Acetaminophen/ ibuprofen စတာတွေဆောင်ထားပါ။
>> သတိပြုစရာအချက်များ
လည်ချောင်းနာချောင်းဆိုးမဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ရာသီဥတုအပြောင်းအလဲကာလတွေမှာ လေကလည်းပိုခြောက်လာတဲ့အတွက်ကြောင့် နေမကောင်းမဖြစ်ခင်ကတည်းက ရေငွေ့ပေးစက်လေးကိုဖွင့်ပြီးနေပြီးတော့ အရည်များများသောက်ပေးထားပါ။ မှို၊ ဖုန်မှုန့်၊ တိရိစၧာန်အမွေးစတဲ့ အသက်ရှူလမ်းကြောင်းကို ကလိနိုင်တဲ့အရာတွေမရှိရလေအောင် အိမ်ကိုသန့်သန့်ရှင်းရှင်းထားပါ။ ဆေးလိပ်ငွေ့၊ အမွှေးတွေကို အိမ်ထဲမှာ မရှိရလေအောင် သတိထားပါ။
ဒီမှာသတိထားရမယ့်အချက်တွေကတော့ - ရေငွေ့ပေးစက်ထဲမှာ ပေါင်းခံရည် (သို့) ပိုးသန့်စင်ထားတဲ့ရေပဲသုံးပေးပါ။ ပြီးတော့ စက်ကို သန့်ရှင်းရေးလုပ်ဖို့ကိုလည်း သူ့ရဲ့အညွှန်းကိုသေချာဖတ်ပြီးတော့ လုပ်ပေးပါ။ ချောင်းဆိုးပျောက်ဆေးမသောက်ခင်မှာ ကိုယ့်က ကိုယ်ပူနေတယ်၊ အသက်ရှူတွေမြန်နေတယ်၊ ၂ ပတ်လောက်ချောင်းတွေဆိုးပြီးတော့ အသက်ရှူလမ်းကြောင်းကအသံတွေမြည်နေတယ်ဆိုရင် ဆရာဝန်နဲ့အရင်ပြပြီးမှဆေးသောက်ပါ။ ကလေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲဆေးတိုက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















