/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လမ်းမများ၊-ကားများနှင့်-ပစ္စည်းအသုံးအဆောင်တွေကို-ပိုးသတ်ခြင်းက

လမ်းမများ၊ ကားများနှင့် ပစ္စည်းအသုံးအဆောင်တွေကို ပိုးသတ်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို အမှန်တကယ် ကာကွယ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လေ့လာချက်များအရ အိမ်သုံးပစ္စည်းနှင့် လက်ဖြင့်ထိတွေ့မှုများတဲ့အရာများအား ဆပ်ပြာ သို့မဟုတ် ပြင်းအားပျော့သော အစွန်းချွတ်အမှုန့်တို့ဖြင့် ပိုးသတ်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တယ်လို့ သိရပါတယ်။
●  ကိုရိုနာဗိုင်းရပ်စ်ကို အခြားဗိုင်းရပ်စ်တွေလိုပဲ အပေါ်ကနေ အဆီလွှာတစ်ထပ်နှင့် ဖုံးအုပ်ထားပါတယ်။ ပိုးသတ်ခြင်းခံရတဲ့အခါမှာ ဗိုင်းရပ်စ်ရဲ့ထိုအပေါ်ယံအလွှာကို ပိုးသတ်သန့်စင်ဆေးတွေက ဖယ်ရှားပစ်လိုက်ပါတယ်။ ဒီအခါမှာ ဗိုင်းရပ်စ်အနေနှင့် အစွမ်းမရှိတော့ဘဲ သေဆုံးသွားနိုင်ပါတယ်။
●  ဒါဆိုရင် Covid-19 ဟာ လေထုနှင့်အရာဝတ္ထုများပေါ်မှာ ဘယ်လောက်ကြာအောင်နေနိုင်သလဲလို့ မေးစရာရှိပါတယ်။ လေထုမှာတော့ ၃ နာရီလောက်ထိ နေနိုင်ပြီး စတီးပစ္စည်းနှင့် ပလတ်စတစ်တွေ အပေါ်မှာတော့ ၂-၃ ရက်လောက် နေနိုင်ပါတယ်။
ဒါပေမဲ့ နောက်ထပ်လေ့လာချက်တစ်ခုမှာတော့ စတီးနှင့် ပလတ်စတစ်တွေပေါ်မှာ ၉ ရက်လောက်ထိ နေနိုင်တယ်ဆိုတာ တွေ့ရှိရပါတယ်။
●  ဗိုင်းရပ်စ်ဟာ မစင်ထဲမှာလည်း တွေ့ရှိရနိုင်တာမို့ အိမ်သာအဆင်း လက်မဆေးခြင်းကနေသော်လည်းကောင်း၊ ရေချိုးခန်းပစ္စည်းများကို မျှဝေသုံးစွဲခြင်းဖြင့်သော်လည်းကောင်း ကူးစက်နိုင်တာ တွေ့ရသော်လည်း ရေအတူသောက်ခြင်း၊ ရေအတူကူးခြင်းတို့ကနေ ကူးစက်နိုင်ကြောင်းတော့ အခုထိ မတွေ့ရှိရသေးပါဘူး။
●  အိမ်ပြင်ဘက်တံခါးများနှင့် ခြံဝင်းများကိုလည်း ကလိုရင်းဖြင့် ပိုးသတ်သန့်စင်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုပိုးသတ်ခြင်းဟာ ခြံဝင်းကပိုးတွေအပြင် လေထုထဲရှိ ကိုရိုနာဗိုင်းရပ်စ်တွေကိုပါ သေစေနိုင်ခြင်း ရှိ၊ မရှိကိုတော့ လေ့လာနေကြဆဲ ဖြစ်ပါတယ်။ အိမ်ပြင်ရှိ နေရောင်ခြည်အလင်းတန်းတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးပေးနိုင်ပါတယ်။
●  Bleaching powder (အစွန်းချွတ်ဆေး) များနှင့် ပိုးသတ်ခြင်းမှာတော့ သတိပြုစရာအချက်တွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလမ်းကြောင်းရှိ အချွဲအမြှေးပါးတွေကို အစွန်းချွတ်ဆေးက ထိခိုက်စေတတ်လို့ပါ။ ဒါကြောင့် ဆေးဖြန်းတဲ့လုပ်သားများနှင့် မကြာခဏ ဆေးဖြန်းခံရသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်နိုင်တာ တွေ့ရှိရပါတယ်။
●  ဒါကြောင့် တရုတ်နိုင်ငံရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သုတေသီတစ်ဦးက အိမ်ပြင်ဘက်ရှိလမ်းများ၊ မြေကွက်လပ်များ၊ တောင်ကုန်းများကို ပိုးသတ်ဆေးများ မကြာခဏမဖြန်းကြဖို့ သတိပေးထားပါတယ်။ ထိုသို့ နေရာအတော်များများကို မကြာခဏဖြန်းပါက ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။

>>  ဒါဆိုရင် ဘယ်နည်းက အကောင်းဆုံး ကာကွယ်နည်းဖြစ်မလဲ?
●  လူလူချင်းထိတွေ့ခြင်းက Covid-19 ကူးစက်ဖို့ အလွယ်ဆုံးနည်းဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေကြပါ။
●  မဖြစ်မနေ အပြင်ထွက်ရပါက mask တပ်ပါ။
●  လက်ကို မကြာခဏ ဆေးကြောပါ။
●  ချောင်းဆိုး နှာချေတဲ့အခါ တံတောင်ဆစ်ကွေး သို့မဟုတ် တစ်ခါသုံးတစ်ရှူးဖြင့် ဖုံးအုပ်ပါ။
●  ရောဂါကာကွယ်ရေးညွှန်ကြားချက်များကို လိုက်နာပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေ ခွာနေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)