လေပြွန်ရောင်ခြင်း
လေပြွန်ရောင်ခြင်းမှာ နာတာရှည် လေပြွန်ရောင်ခြင်းနဲ့ ရုတ်တရက် တခဏတာ လေပြွန်ရောင်ခြင်းဆိုပြီး 2 မျိုး ရှိပါတယ်။
နာတာရှည် လေပြွန်ရောင်ခြင်းဆိုတာက လေပြွန်တစ်လျှောက်မှာ ကာလအတော်ကြာအောင် ရောင်ရမ်းခြင်းဖြစ်ပြီး ဆေးလိပ် သောက်ခြင်းကြောင့် အဖြစ်များပါတယ်။ တစ်ခါတလေမှာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ အရာတွေကြောင့်လည်း လေပြွန်ရောင်တတ်ပါတယ်။ လေပြွန်ရောင်ခြင်းက မကူးစက်တတ်တဲ့အတွက် လေပြွန်ရောင်လို့ ချောင်းဆိုးနေချိန်မှာ ထိတွေ့မှုရှိတယ် ဆိုရင်တောင် မကူးစက်နိုင်ပါဘူး။
လေပြွန်တစ်လျှောက် ခဏတာရောင်ရမ်းခြင်းဖြစ်တဲ့ တခဏလေပြွန်ရောင်ခြင်းကတော့ ရောဂါပိုး၀င်ခြင်းကြောင့် ဖြစ်လေ့ရှိတဲ့အတွက် တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးက 7-10 ရက်လောက်သာ ကြာပေမယ့်လည်း ရောဂါလက္ခဏာတွေ ပျောက်ပြီး ရက်သတ္တပတ် အတော်ကြာအထိ ချောင်းဆိုးတာက ကျန်ခဲ့ပါတယ်။ ခဏတာလေပြွန်ရောင်ခြင်းက အသက်ရှူလမ်းကြေင်း အပေါ်ပိုင်းမှာ အစပြုပြီး အများအားဖြင့် အအေးမိ၊ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။ ဘက်တီးရီးယားပိုးကြောင့်လည်း လေပြွန်ရောင်တတ်ပါတယ်။
♦ ကာကွယ်ရန် နည်းလမ်းများ
လေပြွန်ရောင်တာက အချိန်တိုင်းမှာ ဖြစ်နိုင်ပေမယ့် ရာသီဥတုအေးရင် ပိုဖြစ်တတ်ပါတယ်။ လေပြွန်ရောင်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာပါ။
• နေမကောင်းဖြစ်နေသူနှင့် နီးကပ်စွာ ထိတွေ့နေထိုင်ခြင်း မပြုပါနှင့်။
• လေပြွန်ရောင်နေသူ၊ အအေးမိ တုပ်ကွေး ဖြစ်နေသူများနှင့် ဖန်ခွက်နှင့် ပန်းကန်ခွက်ယောက်များ မျှေ၀သုံးစွဲခြင်း မပြုပါနှင့်။
• လေပြွန်ရောင်စေတဲ့ ဗိုင်းရပ်စ်ပိုးက သလိပ်ကနေတစ်ဆင့် ကူးစက်တတ်တဲ့အတွက် သုံးပြီးသားတစ်သျှူးတွေကို ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနှင့်။
• တုပ်ကွေးကာကွယ်ဆေး တစ်နှစ်တစ်ခါ ထိုးပါ။
• ရေနွေးနွေး၊ ဆပ်ပြာတို့ဖြင့် မကြာခဏ လက်ကို စင်ကြယ်စွာ ဆေးကြောပါ။
• ညစ်ပတ်နေသောလက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနှင့်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















