လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲနေတာတွေကို သက်သာစေဖို့ ...
အခုမှ လေ့ကျင့်ခန်း စလုပ်တဲ့သူတွေ ဒါမှမဟုတ် လုပ်နေကျကနေပြီးတော့ လေ့ကျင့်ခန်း အရှိန်တင်လိုက်တဲ့သူတွေမှာ ဒီလိုမျိုး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီးရင် တစ်ရက်၊ နှစ်ရက်လောက် ကိုယ်တွေ၊ လက်တွေ ကိုက်ခဲနေတတ်ပါတယ်။ ဒါကတော့ ကြွက်သားတွေ ပြန်ပြီးအနားယူဖို့အတွက် အချိန်လိုတယ််ဆိုတာကို ပြတာပါ။ ဒီလေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်က ထိတွေ့မှုရှိသွားပြီ၊ အကျွမ်းတဝင် ရှိသွားပြီ ဆိုရင်တော့ ဒီကြွက်သား နာတာတွေ၊ ကိုယ်လက် ကိုက်ခဲတာတွေ မရှိသလောက်ဖြစ်သွားပါလိမ့်မယ်။
လေ့ကျင့်ခန်း အပြင်းအထန်လုပ်လိုက်လို့ ကြွက်သားတွေ နာတာက ၂၄-၄၈ နာရီလောက် နားပြီးရင် ပျောက်သွားလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ရက်အနည်းငယ်လောက် နားပြီးလို့မှ နာတာတွေ မသက်သာရင်၊ ပိုဆိုးလာတယ်ဆိုရင် ဒါက ကြွက်သားထိခိုက်ဒဏ်ရာ ရသွားတဲ့လက္ခဏာပါ။
လေ့ကျင့်ခန်း လုပ်နေတုန်းမှာ ကြွက်သား အရမ်းနာလာတာကလည်း ကြွက်သားတွေ ဒဏ်ဖြစ်တဲ့ (သို့) ထိခိုက်ဒဏ်ရာရတဲ့ လက္ခဏာပါပဲ။ ကြွက်သား နာတာနဲ့အတူ အသက်ရှူရ ခက်တာ၊ ကိုယ်ပူကြီးတာ၊ ကြွက်သားတွေ အားနည်းတာနဲ့ လည်ပင်းတောင့်တင်းတာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ ဆရာဝန်သွားပြဖို့ လိုပါတယ်။
>> ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းများ
● ရုတ်တရက် ထိခိုက်ဒဏ်ရာရပြီးတော့ ကြွက်သား (သို့) အဆစ်နေရာတွေက ရောင်လာရင်၊ ပူလာတယ်ဆိုရင် ရေခဲကို ပဝါပါးလေးနဲ့ ထုတ်ပြီးတော့ အဲဒီနေရာပေါ်မှာ ၁၅ မိနစ်လောက် တင်ထားပေးပါ။ မရောင်ဘဲနဲ့ လေ့ကျင့်ခန်းလုပ်လို့ပဲ ကြွက်သားတွေ နာတာဆိုရင်တော့ သွေးလှည့်ပတ်မှုကောင်းဖို့အတွက် ရေနွေးအိတ် ၁၅ မိနစ်လောက် ကပ်ပေးပါ။
● အနှိပ်ခံပါ။ ကျွမ်းကျင်တဲ့သူနဲ့ သေချာအနှိပ်ခံရင်လည်း တင်းပြီး နာနေတဲ့ကြွက်သားတွေကို ပြေလျော့စေပြီးတော့ ကြွက်သား နာတာတွေကို သက်သာစေပါတယ်။
● အကြောလျှော့ပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင် ကြွက်သားတွေ နာတာကို ကာကွယ်နိုင်ဖို့ ၁၀ မိနစ်လောက် အကြောလျှော့ပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာလည်း ရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတွေဖြစ်တဲ့ လက်လွှဲတာ၊ ချီတက်သလိုမျိုး နေရာမှာပဲ ခြေထောက်တွေကို လှုပ်ပေးတာ စတဲ့ သွေးပူလေ့ကျင့်ခန်း လုပ်ပေးပါ။ ဖြည်းဖြည်းလေး လမ်းစလျှောက်ပြီးမှ အရှိန်တင်တာတွေ လုပ်ပါ။
● လမ်းလျှောက်တာ၊ ရေကူးတာလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေလုပ်ပါ။ ကြွက်သား နာနေတဲ့အခါမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ လေ့ကျင့်ခန်း လုပ်ပြီးတော့ ကြွက်သားတွေ နာလာတယ်ဆိုတာက ကြွက်သားတွေက ဆန့်လာပြီးတော့ ပိုပြီးသန်မာလာတယ်ဆိုတာကို ပြတာပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေလုပ်တာက ကြွက်သားတွေထဲမှာ lactic acid ပုံလာတာကို ဖယ်ရှားပေးနိုင်ပါတယ်။
● ကြွက်သား ဆန့်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းချင်းလုပ်ပါ။ ကြွက်သားတွေကို ဆန့်ထုတ်ရတယ်ဆိုရင် နာကျင်မှုတွေကို ပိုပြီးခံစားရပါလိမ့်မယ်။ လမ်းလျှောက်တာ၊ တောင်ဆင်းတာတွေက ကြွက်သားဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ ဒီလေ့ကျင့်ခန်းတွေလုပ်ရင် စစချင်းမှာ အရမ်းပြင်းပြင်းထန်ထန် မလုပ်ဘဲ ဖြည်းဖြည်းချင်းမှ အရှိန်ကို မြှင့်သွားပါ။
● ရေနွေးနွေးလေးနဲ့ ရေချိုးပါ။ ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေပြီးတော့ သွေးလှည့်ပတ်မှုကိုလည်း ကောင်းစေတဲ့အတွက် ယာယီသက်သာမှု ရစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















