သင့်မှာ သွေးအားနည်းရောဂါ ရှိနေပြီလား
သွေးအားနည်းရောဂါ (anemia) ဟာ အဖြစ်အများဆုံးသွေးရောဂါ ဖြစ်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစားများစွာ ရှိပါတယ်။
(၁) သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ
အဖြစ်အများဆုံး သွေးအားနည်းရောဂါ ဖြစ်ပါသည်။
သွေးထွက်များခြင်း၊ သံဓာတ်ပါသောအစာများကို မစားခြင်းတို့ကြောင့် သံဓာတ် နည်းပါးတတ်ပါသည်။ ထို့ပြင် ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် ကလေးငယ်အတွက်ပါ အာဟာရများ ပိုမိုလိုအပ်တာကြောင့် ကိုယ်၀န်ဆောင်သံဓာတ် ချို့တဲ့ရာကနေလည်း သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။ ခွဲစိတ်ကုသခြင်း ခံထားရသော လူနာများတွင်လညး် သွေးများ ဆုံးရှုံးခြင်းကြောင့် သံဓာတ်နည်းပါးနိုင်ပါသည်။
(၂) ဗီတာမင်ချို့တဲ့သော သွေးအားနည်းရောဂါ
အာဟာရပြည့်၀စွာမစားသူများတွင် ဗီတာမင်ဘီတွဲ နှင့် ဖောလစ်အက်ဆစ် နည်းပါးခြင်းကြောင့် သွေးအားနည်းတတ်ပါသည်။ အခိျု့သောလူများတွင် အစာချေလမ်းကြောင်းကနေ ဗီတာမင်ဘီတွဲကို မစုပ်ယူနိုင်ခြင်းကြောင့်လည်း သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။
(၃) ကိုယ်၀န်ဆောင် သွေးအားနည်းရောဂါ
ကိုယ်၀န်ဆောင်ချိန်တွင် အာဟာရဓာတ်များပိုမိုလိုအပ်တာကြောင့် သွေးအားနည်းခြင်း ဖြစ်ပေါ်တတ်ပါသည်။
(၄) သွေးနီဥများ ပြိုကွဲသော သွေးအားနည်းရောဂါ
ပြင်ပဒဏ်ရာများ၊ ရောဂါပိုး၀င်ခြင်းများ၊ autoimmune ရောဂါများ၊ မွေးရာပါ သွေးနီဥပြဿနာရှိသူများတွင် သွေးကြောထဲ သို့မဟုတ် ဘေလုံး (spleen) နေရာတွင် သွေးနီဥများ ပြိုကွဲခြင်းကြောင့် သွေးအားနည်းခြင်း ဖြစ်ပေါ်စေပါသည်။
(၅) Sickled cell anemia ခေါ် မွေးရာပါ သွေးနီဥ ပြိုကွဲသော သွေးအားနည်းရောဂါ
(၆) ကျောက်ကပ်ရောဂါ ရှိသူများတွင် erythropoietin ဟိုမုန်းကို ကောင်းစွာ မထုတ်နိုင်ခြင်းကြောင့် ရိုးတွင်းချဉ်ဆီကနေ သွေးနီဥထုတ်ခြင်းကို နညး်ပါးစေပါတယ်။ ထိုအခါမျိုးတွင်လည်း သွေးအားနည်းတတ်ပါသည်။ ကင်ဆာရောဂါများတွင် သုံးသော ခီမိုဆေးများကြောင့်လည်း သွေးနီဥထုတ်ခြင်းကို ကျဆင်းစေပြီး သွေးအားနည်းစေတတ်ပါသည်။
>> ကုသနည်းများ
သင့်တွင် သွေးအားနည်းရောဂါ ဖြစ်ပေါ်နေပါက သွေးစစ်ဆေးမှုများကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပါသည်။ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါအတွက် သံဓာတ်အားဆေးများ မှီ၀ဲခြင်း ပြုလုပ်နိုင်ပါသည်။ ဖောလစ်အက်ဆစ် ချို့တဲ့သူများအား ဖောလစ်အက်ဆစ်ဆေးပြားများ မှီ၀ဲပြီး အာဟာရဓာတ်များ စုံလင်သော အစားအစာများကို စားပေးသင့်ပါသည်။
နာတာရှည်ရောဂါများကြောင့်ဖြစ်သော သွေးအားနည်းခြင်းအတွက်ကတော့ ပင်ကိုယ်ရောဂါကို ကုသခြင်းဖြင့် ကောင်းမွန်နိုင်ပါသည်။
ရိုးတွင်းချဉ်ဆီကြောင့်ဖြစ်သော သွေးအားနည်းခြင်းအတွက် သွေးရောဂါဆရာ၀န်များနှင့် ပြသသင့်ပါသည်။
သွေးအားနည်းရောဂါ အလွန်ဆိုးဝါးနေပါက သွေးသွင်းခြင်းများကိုလည်း ပြုလုပ်ရမှာမို့ ရောဂါနုစဉ်ကုသခြင်းက အကောင်းဆုံး ဖြစ်ပါသည်။
လေပြေနုသွေး (ဆေး-၂)
















