/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်ရဲ့အဆုတ်ကို-ကျန်းမာအောင်-နည်းလမ်းကောင်းများ

သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ဆေးလိပ်သောက်ရင် ဖြတ်ပါ
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်း ဆေးလိပ်သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။

>>  ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့
နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို တွေ့လာရပါတယ်။

>>  လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။

>>  လေထုညစ်ညမ်းတာကို ရှောင်ပါ
●  ကားမီးခိုးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဖုန်မှုန့် စတာတွေက အဆုတ်ကို ထိခိုက်စေပါတယ်။
●  ကားအသွားအလာများတဲ့ လမ်းတွေဘေးမှာ လမ်းလျှောက်တာ၊ ပြေးတာ ရှောင်ပါ။
●  အပြင်ထွက်ရင် လေထုညစ်ညမ်းမှုပမာဏကိုကြည့်ပြီး အရမ်းများတဲ့အချိန် အပြင်မထွက်ပါနဲ့။
●  အလုပ်မှာ လေထုညစ်ညမ်းမှုတွေရှိရင် mask တပ်ပါ။
●  အိမ်မှာ ဓာတုပစ္စည်း သုံးတာကို လျှော့ချပြီး ဖုန်များကို သန့်ရှင်းပါ။
●  အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။
●  အမှိုက်မီးရှို့တာ၊ တောမီးလောင်တာတွေရှိရင် မရှုမိအောင် နေပါ။
●  အိမ်မှာ အနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာတွေ ရှောင်ပါ။

>>  ပိုးမဝင်အောင် ဂရုစိုက်ပါ
တစ်ခါတလေ အရမ်းဆိုးရွားတဲ့ အဆုတ်ပိုးဝင်တာတွေက သာမန်အအေးမိတာလောက်ကနေ စတာပါ။ နမိုးနီးယားဆိုရင်လည်း အဆုတ်ကို ပိုးဝင်ပြီး ဖြစ်ပွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။
လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်ဆေးပြီး ရောဂါပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ပါ။

>>  ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားစတာတွေက အဆုတ်အတွက် လိုအပ်တဲ့ အားအင်ကို ပေးလို့ အလုပ်ကောင်းကောင်း လုပ်စေနိုင်ပါတယ်။

>>  အဖြစ်အများဆုံး အဆုတ်ရောဂါ အမျိုးအစားတွေကတော့ -
●  နာတာရှည် အဆုတ်ရောဂါ
●  ပန်းနာရင်ကြပ်
●  လေပြွန်ရောင်ရောဂါ
●  အဆုတ်ကင်ဆာ
●  နမိုးနီးယား စတာတွေ ဖြစ်ပါတယ်။

>>  ဒီလိုလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသရပါမယ်။
●  မောနေတာ
●  တရွှီရွှီမြည်တာ၊ ရင်ဘတ်ထဲမှာ ကြပ်နေတာ
●  အချိန်အကြာကြီး ချောင်းဆိုးနေတာ
●  ချောင်းဆိုးရင် ချွဲ၊ သွေးတွေ ပါတာ
●  ခဏခဏ အဆုတ်ကို ပိုးဝင်တာ
●  ကိုယ်အလေးချိန်ကျသွားတာ စတာတွေရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

>>  ဘယ်သူတွေက ပိုသတိထားရမလဲ?
●  ဆေးလိပ်သောက်တဲ့လူ
●  ဖုန်တွေ၊ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေနေသူတွေ
●  မိသားစုထဲမှာ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ အဆုတ်ရောဂါကို ပိုသတိထားဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)