သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ
>> ဆေးလိပ်သောက်ရင် ဖြတ်ပါ
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်း ဆေးလိပ်သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။
>> ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့
နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို တွေ့လာရပါတယ်။
>> လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။
>> လေထုညစ်ညမ်းတာကို ရှောင်ပါ
● ကားမီးခိုးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဖုန်မှုန့် စတာတွေက အဆုတ်ကို ထိခိုက်စေပါတယ်။
● ကားအသွားအလာများတဲ့ လမ်းတွေဘေးမှာ လမ်းလျှောက်တာ၊ ပြေးတာ ရှောင်ပါ။
● အပြင်ထွက်ရင် လေထုညစ်ညမ်းမှုပမာဏကိုကြည့်ပြီး အရမ်းများတဲ့အချိန် အပြင်မထွက်ပါနဲ့။
● အလုပ်မှာ လေထုညစ်ညမ်းမှုတွေရှိရင် mask တပ်ပါ။
● အိမ်မှာ ဓာတုပစ္စည်း သုံးတာကို လျှော့ချပြီး ဖုန်များကို သန့်ရှင်းပါ။
● အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။
● အမှိုက်မီးရှို့တာ၊ တောမီးလောင်တာတွေရှိရင် မရှုမိအောင် နေပါ။
● အိမ်မှာ အနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာတွေ ရှောင်ပါ။
>> ပိုးမဝင်အောင် ဂရုစိုက်ပါ
တစ်ခါတလေ အရမ်းဆိုးရွားတဲ့ အဆုတ်ပိုးဝင်တာတွေက သာမန်အအေးမိတာလောက်ကနေ စတာပါ။ နမိုးနီးယားဆိုရင်လည်း အဆုတ်ကို ပိုးဝင်ပြီး ဖြစ်ပွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။
လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်ဆေးပြီး ရောဂါပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ပါ။
>> ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားစတာတွေက အဆုတ်အတွက် လိုအပ်တဲ့ အားအင်ကို ပေးလို့ အလုပ်ကောင်းကောင်း လုပ်စေနိုင်ပါတယ်။
>> အဖြစ်အများဆုံး အဆုတ်ရောဂါ အမျိုးအစားတွေကတော့ -
● နာတာရှည် အဆုတ်ရောဂါ
● ပန်းနာရင်ကြပ်
● လေပြွန်ရောင်ရောဂါ
● အဆုတ်ကင်ဆာ
● နမိုးနီးယား စတာတွေ ဖြစ်ပါတယ်။
>> ဒီလိုလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသရပါမယ်။
● မောနေတာ
● တရွှီရွှီမြည်တာ၊ ရင်ဘတ်ထဲမှာ ကြပ်နေတာ
● အချိန်အကြာကြီး ချောင်းဆိုးနေတာ
● ချောင်းဆိုးရင် ချွဲ၊ သွေးတွေ ပါတာ
● ခဏခဏ အဆုတ်ကို ပိုးဝင်တာ
● ကိုယ်အလေးချိန်ကျသွားတာ စတာတွေရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
>> ဘယ်သူတွေက ပိုသတိထားရမလဲ?
● ဆေးလိပ်သောက်တဲ့လူ
● ဖုန်တွေ၊ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေနေသူတွေ
● မိသားစုထဲမှာ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ အဆုတ်ရောဂါကို ပိုသတိထားဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)






























