သတ္တိခဲ
"ဒေါက်တာ လူနာလာတယ် "
နာရီ လှမ်းကြည့်လိုက်တော့ ည ၁၁ ရှိပြီ ။ အရေးပေါ်လူနာမရှိတာကြောင့် အခန်းထဲဝင်ပြီး စာဖတ်နေသော Dr.K လူနာခန်းဘက် ထွက်လာခဲ့သည် ။ လူနာခန်းထဲတွင် လူတွေအုံပြီး ရှုပ်ရှက်ခက်လျှက် ...
'ဘုရားရေ ဘာဖြစ်လာကြတာတုန်း ' လူနာခန်းထဲ ဝင်လိုက်တာနှင့် အရက်နံ့က ထောင်းခနဲ။ အခန်းထဲတွင် ယောကျာ်းလေး ၅ယောက်ခန့်ရှိသည်။ အကုန်လုံးက ရီဝေဝေ ။ ကုတင်ပေါ်မှာတော့ လူတစ်ယောက် မျက်စိမှိတ် ငြိမ်သက်လို့ ။
" ဘာဖြစ်လာကြတာလဲ"
"ဆိုင်ကယ်မှောက်လို့ "
"မှောက်တာလား တိုက်တာလား " ရဲမှုခင်းဖြစ်နိုင်၍ သေချာမေးရသည်။
"မှောက်တာပါ ဆိုင်ကယ်နှစ်စင်း အတူမောင်းလာရင်း ဖြစ်တာ"
ဒီလောက် မူးနေကြတာ ဘာကြောင့် မှောက်တာလဲ မေးစရာမလိုတော့။
လူနာကို လိုအပ်တာ စမ်းသပ်ရသည်။ ပွန်းတာကလွဲ၍ အပြင်ပန်း ဘာမှ ထိတာမတွေ့ရသော်လည်း အလွန်အကျွံ မူးနေသော လူနာက သတိမှတ်ကို ဘယ်လိုမှ စမ်းမရ။ ဆေးသွင်းရန် ပြင်ဆင်နေစဉ် ဘုန်းကနဲ အသံကြား၍ လှည့်ကြည့်လိုက်ရာ လူနာက ကြမ်းပြင်ပေါ်မှာ အပုံလိုက်ကလေး ကျနေသည်။ ဘေးမှာရပ်နေသော သူငယ်ချင်းငါးယောက် က အကြောင်သား ကြည့်လျှက် ...
"ဟဲ့ နင်တို့လူနာစောင့်တွေဒီလောက်များတာ လူနာကို သေချာကြည့်လေ ခေါင်းတွေကွဲကုန်ပြီလား မသိပါဘူး " ပြောပြာဆိုဆို လူနာကို ကုတင်ပေါ်ပြန်တင်ပြီး ထပ်စမ်းသပ်ရသည် ။ ခေါင်းမာလှသည့် လူနာကတော့ ခုထိ အိပ်ကောင်းတုန်း။
" လူနာကောင်းတယ် မလား ကျွန်တော်တို့ ပြန်တော့မယ် "
"မရဘူးလေ လူနာက အရမ်းမူးနေတော့ သေချာ စမ်းသပ်လို့မရဘူး စောင့်ကြည့်ဖို့ လိုတယ် ခေါင်းကို ထိခိုက်တယ်ဆိုတာ အနည်းဆုံး ၂၄ နာရီ စောင့်ကြည့်ရတယ်"
" ဟာ ခင်များက ဆရာဝန်ပဲ ကောင်းမကောင်းကြည့်လိုက်ပေါ့"
" ဟုတ်တယ်လေ ဆရာဝန် အကြားအမြင် ရနေတာမှ မဟုတ်တာ သူ့ခေါင်းထဲ ဘာဖြစ်လဲ ကျွန်မလဲမြင်ရ မဟုတ်ဘူး။ ဘာမှ မဖြစ်ပါဘူးလို့ အာမ မခံနိုင်ဘူး "
"ခင်များ အာမ မခံ နိုင်လဲ ကျုပ် ခံနိုင်တယ် ဘာမှ မဖြစ်ဘူး ပြန်မယ် "
" ဘာာ ရှင်က ဆရာဝန်လား ကျွန်မက ဆရာဝန်လား စိတ်မချရတဲ့ လူနာ ပေးမပြန်နိုင်ဘူး တစ်ခုခု ဖြစ်သွားရင် ဘယ်သူ တာဝန်ယူမလဲ"
အခြေအနေက တင်းမာလာသည်။ အရက်မူးနေသော ယောကျ်ားလေး ငါးယောက် အလယ်မှာ စွာနေသော Dr.K ကို ဆရာမလေးက နောက်က လက်ကုပ်နေပြီ။ ဒါပေမယ့် လူပုသလောက် စိတ်မရှည်သော Dr.K ဒေါသက မရတော့။ တစ်ခုခု ဖြစ်သွားလျှင် ဆေးရုံကိုပဲ အပြစ်တင်မည်။ ပြောစကား ကျတော့ နားမထောင် ဒေါသက ထွက်လာပြီ။
"ခင်ဗျား တော်တော် လက်ပေါက်ကပ်တဲ့ ဆရာဝန်မ ခင်များဗျာ မိန်းကလေးမို့ ဖြတ်ရိုက်ပလိုက်ရ "
Dr.K မျက်လုံးထဲ မီးပွင့်သွားပြီ
"ဘာာပြောတယ် ရိုက်ကြည့်ပါလား ရိုက်ရဲရိုက်ကြည့်လိုက်စမ်း ဆေးရုံကို လာပြီးစော်ကားနေတယ် "ခုနှစ်သံချီ အော်ရင်း ရှေ့တိုးလိုက်သော Dr.K ကို ဆရာမလေးက အတင်းဆွဲ ထားသည် ။
" ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ထဲ ရောက်သွားမယ် လုပ်ကြည့်လိုက်လေ " အရေးပေါ်ခန်းထဲတွင် ရုတ်ရုတ်သဲသဲ...
ရှူးရှူးရှဲရှဲ ဒေါသထွက်နေသော Dr.K ကို ကြည့်ပြီး ရိုက်မယ့်လူပင် နောက်တွန့် သွားသည် ။
ထိုအချိန်တွင် ကံကောင်းထောက်မစွာ ဆေးရုံရှေ့တွင် ကင်းလှည့်နေသော ရဲနှစ်ယောက်က Dr.K အော်သံကြား၍ ဝင်လာကြသည် ။လူနာအိမ်က လူကြီးတွေလဲ ရောက်လာ၍ Dr.K ကိုဝိုင်းဝန်းတောင်းပန်ပြီး အမူးသမား တသိုက်ကို ပြန်ခေါ်သွားကြလေသည် ။
အားလုံးပြီးသွားသည် အထိ သူမ ဒေါသ မပြေသေး။
"ဒေါက်တာကလဲ ဘာလို့အော်တာလဲ သူတို့က ယောကျ်ားလေးတွေကြီးပဲ တကယ်လုပ်ရင် ကိုယ်ပဲခံရမှာ" ဆရာမလေးက သတိပေးရှာသည်။
"ဒါမင်းမဲ့ တိုင်းပြည်မှ မဟုတ်တာ ခံစရာလား " Dr.K တို့က အခုထိ လေသံမာတုန်း။
"အစ်မကလဲ ဒီမှာတော့ ဘယ်လုပ်မလဲ ဒီမြို့လေးက သေးသေးလေးကို အစ်မ အပြင်ထွက်ရင် ချောင်းရိုက်တာတို့ ဆိုင်ကယ်နဲ့တိုက်တာတို့ လုပ်မှာစိုးလို့ " သန့်ရှင်းရေး ဝန်ထမ်းလေးက ဝင်ပြောသည်။
' ဘုရားရေ ဟုတ်သားပဲ အဲ့လိုလုပ်ရင် ဘယ်လို လုပ်မလဲ'
ခုန စွာခဲ့ သလောက် Dr.K ခုမှ ဇောချေွး ပြန်လာသည်။
ထိုနေ့မှစ၍ တစ်လခန့် ကြာသည်အထိ Dr.K အဆောင်ထဲ အောင်းလျှက် အပြင်မထွက် တော့ပေ ...
Khin Cho
















