သွားတိုက်တဲ့အချိန် သွေးထွက်တတ်သလား?
သွားတိုက်တဲ့အချိန်မှာ သွားဖုံးကနေ သွေးထွက်တယ်ဆိုတာ ပုံမှန်မဟုတ်ဘူးနော်။
သွားဖုံးရောဂါတွေဟာ သွားနဲ့ခံတွင်းတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။
သွားတိုက်ကြမ်းတာ တစ်ခုတည်းကြောင့် သွားဖုံးသွေးယိုတာတော့ မဟုတ်ပါဘူး။
သွားကို တစ်နေ့ ၂ ကြိမ် ပုံမှန်တိုက်နေရင်း၊ ပုံမှန်သွားကြိုးခြစ်နေရင်းတောင်မှ မကြာမကြာသွေးလေးတွေ ထွက်လာတတ်တယ်။ တကယ်တော့ သွားဖုံးသွေးယိုတယ်ဆိုတာ ဘက်တီးရီးယားတွေ၊ သွားချေးတွေ သွားဖုံးမှာ ပုံလာပြီး သွားဖုံးရောင်တာကြောင့် ဖြစ်တတ်ပါတယ်။ သွားဖုံးရောဂါတွေဟာ သွားနဲ့ခံတွင်းအတွက်တင်မကဘဲ တစ်ကိုယ်လုံးအတွက်ပါ ဆိုးတယ်နော်။
သွားတိုက်ကြမ်းတာ တစ်ခုတည်းတင်မကဘဲ သွားဖုံးသွေးယိုစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်နော်။
၁။ တစ်နေရာကွက်ကျန်ခဲ့လို့
တကယ်လု့ိ သွားကောင်းကောင်း မတိုက်မိတာ၊ သွားကြိုးခြစ်ဖို့ နေရာကျန်ခဲ့တာမျိုးကြောင့် ကျန်ခဲ့တဲ့ ဘက်တီးရီးယားတွေကြောင့် ရောင်ရမ်းတာတွေ ဖြစ်တတ်တယ်။ သွားတိုက်ရင် နေရာလပ်မကျန်ရလေအောင် ဖြည်းဖြည်းချင်း တိုက်ပါ။
၂။ ဟော်မုန်း ပုံမမှန်လို့
အပျိုလူပျိုဖော်ဝင်ချိန်တွေ၊ ကိုယ်ဝန်ဆောင်ချိန်တွေ၊ ရာသီလာချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအတက်အကျတွေ ဖြစ်တတ်လို့ သွားနဲ့ခံတွင်းကို သေချာဂရုစိုက်ဖို့လိုတယ်။
၃။ စိတ်ဖိစီးမှုများလို့၊ အိပ်ရေးမဝလို့
စိတ်ဖိစီးမှုများတာ၊ ညဥ့်နက်မှအိပ်တာတွေက ဘက်တီးရီးယားကြောင့် ရောင်ရမ်းတာတွေကို မတိုက်ထုတ်နိုင်တာမျိုး ဖြစ်တတ်တယ်။ ပရိုတင်း၊ အသီးအရွက်၊ ဗီတာမင် C နဲ့ D ပါတဲ့ အစားအသောက်တွေကို များများစားပေးဖို့ လိုတယ်။
၄။ ဆေးတွေ သောက်ထားလို့
စိတ်ဓာတ်ကျပျောက်ဆေးနဲ့ သွေးတိုးကျဆေးတွေက သွားဖုံးသွေးယိုစေတတ်တယ်ဆိုတာ သိထားသင့်တယ်နော်။ ဒီဆေးတွေဟာ ပါးစပ်ခြောက်စေပြီး တံတွေးခြောက်ခြင်းက ဘက်တီးရီးယားပိုးတွေကို ပွားစေနိုင်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















