/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတွင်းအချိုဓာတ်များနေရင်-ဝိတ်လျှော့ကြမယ်

သွေးတွင်းအချိုဓာတ်များနေရင် ဝိတ်လျှော့ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဝိတ်လျှော့ဖို့ဆိုတာလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါရှိနေရင်တော့ ဝနေရင် ဝိတ်လျှော့တာဟာ ရောဂါပေါ်မှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။

ကိုယ်ခန္ဓာမှာ ပိုလျှံနေတဲ့ ကိုယ်အလေးချိန်တွေကျသွားရင် ပိုပြီးလန်းဆန်းတက်ကြွလာစေတဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်လေဖြန်းရောဂါတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဝိတ်လျှော့ခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိရတာလည်း ပိုလွယ်ကူလာပါတယ်။ ဆီးချိုသွေးချိုအမျိုးအစား-၂ ရှိသူတွေမှာဆိုရင် ဆီးချိုသွေးချိုမတက်တော့၊ ဆေးမသောက်ရတော့တဲ့ အနေအထားထိတောင် ရောက်စေနိုင်ပါတယ်။

Diabetone 1

>>  ဆီးချိုသွေးချိုရှိသူတွေမှာ ဝိတ်ချခြင်းရဲ့ကောင်းကျိုးများ

ခါးဗိုက်တစ်ဝိုက်မှာ အဆီတွေစုနေတယ်ဆိုတာ အသည်းတို့၊ မုန့်ချိုအိတ်တို့စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာပါ အဆီတွေစုနေကြောင်း သိနိုင်ပါတယ်။ ဒီအခါ အင်ဆူလင်ကို မတုံ့ပြန်နိုင်ခြင်းဆိုတဲ့အခြေအနေတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီအဆီတွေကိုချခြင်းဖြင့် ထုတ်လုပ်တဲ့အင်ဆူလင်၊ ထိုးလိုက်တဲ့အင်ဆူလင်ကို ကောင်းကောင်း အလုပ်လုပ်စေနိုင်ပါတယ်။

ဝိတ်ချလို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တော့မယ်ဆိုရင်လည်း ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပြီး ဆေးတွေ ပြန်ညှိဖို့လိုပါတယ်။ အထူးသဖြင့် အင်ဆူလင်ထိုးနေရသူတွေနဲ့ Sulphonylurea ဆေး သောက်နေရသူတွေမှာပါ။ တချို့သူတွေအတွက်တော့ ဆေးသောက်တာကို လျှော့နိုင်ဖို့ဆိုတာ ဝိတ်လျှော့နိုင်ဖို့ အကြီးမားဆုံးစိတ်ခွန်အား ဖြစ်စေပါတယ်။

ဆီးချိုသွေးချိုအမျိုးအစား-၁ ဟာ အဝလွန်ခြင်းကြောင့်ဖြစ်တာ မဟုတ်ပေမယ့် ဝိတ်ချခြင်းဖြင့် နောက်ဆက်တွဲတွေကို ကာကွယ်နိုင်ပြီး အင်ဆူလင်ထိုးရတာကို လျော့နည်းစေနိုင်ပါတယ်။

ဆီးချိုသွေးချိုအမျိုးအစား-၂ မှာတော့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက် လျှော့ချခြင်းဖြင့် အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ အဝလွန်နေသူတွေဆိုရင် ဆီးချိုသွေးချိုဖြစ်တာ သိသိချင်းမှာပဲ ၁၅ ကီလိုဂရမ်လောက်အထိ ကိုယ်အလေးချိန်ကို အမြန်အဆန် လျှော့ချနိုင်မယ်ဆိုရင် ဆီးချိုသွေးချိုရောဂါကို ဆေးမသောက်ဘဲတောင် ထိန်းသွားနိုင်ပါတယ်။ စောစောသိပြီး မြန်မြန်ဝိတ်ချနိုင်လေ ကောင်းလေဖြစ်ပါတယ်။
ဝိတ်ချသူအများစုက စိတ်လည်း ပိုမိုကြည်လင်ပြတ်သားလာပြီး ကောင်းကောင်းအိပ်ပျော်လာကာ စွမ်းအင်တွေ ပိုတိုးလာသလို ခံစားရတယ်လို့ ဆိုပါတယ်။

Diabetone 2

>>  ကိုယ်အလေးချိန်ကို ဘယ်လောက်မှာထိန်းကြမလဲ?

1.  အရင်ဆုံးကိုယ့်ရဲ့ BMI ကို သိအောင်လုပ်ပါ။

လေ့လာမှုတွေအရ ဝိတ်ကျလေလေ ကျန်းမာရေးအတွက် ကောင်းလေဆိုပေမယ့် ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက် ချလိုက်ရင်တောင် ကျန်းမာရေးအတွက် အတော်ကောင်းတယ်လို့ ဆိုပါတယ်။
ကျန်းမာတဲ့ BMI ရှိ၊ မရှိ တိုင်းတာဖို့ ကိုယ်အလေးချိန်နဲ့အရပ် တိုင်းတာရပါတယ်။

အွန်လိုင်းမှာ ကိုယ်အလေးချိန်နဲ့ အရပ်ကို ထည့်လိုက်၍ရုံနဲ့ BMI ကို တွက်ချက်ပေးပြီး ဘယ်လောက်အတွင်း ရှိသင့်တယ်ဆိုတဲ့ သတ်မှတ်ချက်ကိုပါ ကြည့်နိုင်ပါတယ်။

2.  ကိုယ့်ရဲ့ခါးအတိုင်းကို သိအောင်လုပ်ပါ။

ခါးအတိုင်းဟာ ယောက်ျား၊ မိန်းမနဲ့ လူမျိုးပေါ် မူတည်ပါတယ်။
အမျိုးသမီးတွေအဖို့ ၈၀ စင်တီမီတာ (၃၁.၅လက်မ) အောက် ရှိသင့်ပါတယ်။
အမျိုးသားအများစုအဖို့ ၉၄ စင်တီမီတာ (၃၇ လက်မ) အောက် ရှိသင့်ပါတယ်။
အရှေ့တောင်အာရှအမျိုးသားတွေအဖို့ ၉၀ စင်တီမီတာ (၃၅ လက်မ) အောက် ရှိသင့်ပါတယ်။

ဒီလို ကိုယ်အလေးချိန်လျှော့ရာမှာ -
●  အစားအသောက်နဲ့လျှော့တာ
●  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပြီး လျှော့တာ
●  ခွဲစိတ်ကုသပြီးလျှော့တာ
●  ကိုယ်အလေးချိန်ကျစေတဲ့ ဆီးချိုသွေးချိုဆေးနဲ့လျှော့တာ ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ လျှော့ဖို့ကို အကြံပေးလိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)