သွေးလှည့်ပတ်မှု ကောင်းရဲ့လား
ခန္ဓာကိုယ် တစ်ခုလုံးကို အစာအာဟာရ ဖြန့်ဖြူးပေးဖို့ဆိုတာ သွေးလှည့်ပတ်မှုကောင်းနေဖို့ လိုပါတယ်။ သင့်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား? ဆန်းစစ်ကြည့်ပါ။
1. မေ့တတ်ခြင်း
အရေးကြီးတဲ့အရာတွေကို အမြဲမေ့တတ်နေပါသလား။ သွေးလည်ပတ်မှု မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှု နည်းလာတဲ့အခါမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျလာပါတယ်။
2. ခြေလက် ထုံကျဉ်ခြင်း
ခြေလက် ထုံကျဉ်တာဟာ သွေးလည်ပတ် စီးဆင်းမှု မကောင်းတာရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
3. ဗိုက်ပြဿနာ မကြာခဏဖြစ်ခြင်း
သွေးကြောတွေထဲမှာ စုပုံလာတဲ့ အဆီတွေကြောင့် သွေးစီးဆင်းမှု လျော့နည်းလာတဲ့အခါ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
4. ခံတွင်းမကောင်းခြင်း
တစ်ခါတလေမှာ ဘာမှမစားချင်ဘဲနဲ့ ခံတွင်းပျက်နေတယ်ဆိုရင် သွေးစီးဆင်းမှု မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှု မကောင်းတဲ့အခါမှာ အစား စားချင်စိတ်ကို ထိန်းချုပ်တဲ့ ဂရီလင် (Ghrelin) ဟော်မုန်း မထွက်တော့တာကြောင့် ဖြစ်ပါတယ်။
5. အရေပြား အရောင်ပြောင်းလာမယ်
အရေပြားဟာ စကားပြောတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါမှာ အရေပြားတွေ ပြာတာ/ဖြူတာ/ဒါမှမဟုတ် နီတာ စတဲ့ လက္ခဏာတွေ ပြပါတယ်။
6. အမြဲလိုလို မောပန်းနေခြင်း
သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ကြွက်သားတွေဆီ အောက်ဆီဂျင် ကောင်းကောင်းမရောက်တဲ့အခါမှာ မောပန်းမှုကို ခံစားရပါတယ်။
လှုပ်လှုပ်ရှားရှား လုပ်ပြီးတိုင်း အချိန် တော်တော်ကြာတဲ့အထိ လန်းလန်းဆန်းဆန်းမရှိ ဖြစ်နေတတ်ပါတယ်။
7. ခြေထောက်များ နာကျင်ခြင်း
ခြေဖျားတွေ အေးပြီး ကိုက်ခဲနေတယ်ဆိုရင် သွေးစီးဆင်းမှု မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။
8. အနာကျက် နှေးခြင်း
အနာကျက်ဖို့အတွက် အောက်ဆီဂျင် လိုအပ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်း၊ အောက်ဆီဂျင်က လိုအပ်တဲ့နေရာဆီ မရောက် ဖြစ်လာတဲ့အခါမှာ အနာကျက်ချိန်ဟာ ပိုမိုကြာမြင့်လာပါတယ်။
9. ရင်ဘတ်အောင့်ခြင်း
ရင်ဘတ် အလယ်တည့်တည့်တွင် အောင့်နေပြီး ပခုံး၊ လက်မောင်း၊ မေးရိုးဆီကို ပျံ့နှံ့တဲ့လက္ခဏာ ခံစားရပြီဆိုရင် နှလုံးကို သွေးကောင်းကောင်း ရောက်ရဲ့လားကို စဉ်းစားဖို့ လိုပါတယ်။
10. ဖောရောင်ခြင်း
ခြေထောက် သွေးကျတယ်လို့ အရပ်ထဲမှာ ပြောကြပါတယ်။ သွေးစီးဆင်းမှု အားနည်းတာကြောင့် သွေးတွေ စုပုံလာပြီး ခြေထောက်ရောင်လာတာ ဖြစ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















