ဟောက်တာက ကြောက်စရာလား
ညဘက်မှာ ဘေးလူမအိပ်နိုင်လောက်အောင် ဟောက်တာမျိုး၊ နေ့ခင်းဘက်မှာတောင် ထိုင်လျက် အိပ်ငိုက်နေတာမျိုးတွေဟာ ပုံမှန်အနေအထားလို့ မဆိုနိုင်ပါဘူး။ အဲ့လောက် ပြင်းပြင်းထန်ထန် ဟောက်တယ်ဆိုတာ အိပ်နေတဲ့အခါမှာ အသက်ရှူလမ်းကြောင်း ပိတ်သွားတာ (Obstructive Sleep apnea - OSA) ကြောင့် ဖြစ်နိုင်ပါတယ်။ OSA ကြောင့် တချို့ရောဂါတွေက ပိုပြီးဆိုးလာနိုင်သလို သေသေချာချာ မကုသပါက အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။
သွေးတိုးရောဂါ - OSA ကြောင့် ညဘက် ခဏခဏနိုးတော့ ခန္ဓာကိုယ်က ဖိစီးမှုများပြီး ဟော်မုန်းတွေ ပိုထုတ်တာကြောင့် သွေးပေါင်ချိန်ကို တက်စေပါတယ်။ သွေးထဲက အောက်စီဂျင်နည်းလာတာကြောင့်လည်း ပါပါတယ်။ OSA ကို ကုသလိုက်ရင် သွေးတိုးသမားတွေမှာ သိသိသာသာ သွေးပေါင်ချိန် ထိန်းလာနိုင်ပြီး နောက်ဆုံး ဆေးတွေ ရပ်လိုက်နိုင်တဲ့အထိ တိုးတက်လာတာကို တွေ့ရပါတယ်။
နှလုံးရောဂါ ရုတ်တရက် နှလုံးထဖောက်တာမျိုးတွေကို ပိုပြီးဖြစ်စေတဲ့အပြင် နှလုံးခုန် မြန်တာ၊ မမှန်တာ (နှလုံးခါခြင်း) ကိုလည်း ဖြစ်စေပါတယ်။
ဆီးချုရောဂါရှိတဲ့လူတွေရဲ့ 80% လောက်က OSA ရှိတတ်ကြပါတယ်။
ဝတာကြောင့် OSA ကို ဖြစ်စေသလို OSA ဖြစ်ရင်လည်း ဝစေပါတယ်။ ဝလာတဲ့အခါမှာ လည်ပင်းဘေးက အဆီတွေ များလာပြီး အသက်ရှူလမ်းကြောင်းကို ပိတ်စေပါတယ်။ တစ်ခါ OSA က အချိုတွေ၊ ကစီဓာတ်တွေကို ပိုပြီးတောင့်တစေတယ်။ ပြီးတော့ ညဘက် အိပ်ရေးမဝဘဲ ခန္ဓာကိုယ်က ပင်ပန်းလာတဲ့အခါ စားထားတာတွေကို သေချာမချက်၊ အသုံးမပြုနိုင်တော့တာကြောင့် ပိုဝလာစေတာပါ။
ရင်ကျပ်ရောဂါရှိပါက ခဏခဏ ရင်ကျပ်တာမျိုး ဖြစ်စေပါတယ်တဲ့။
အစာအိပ်ထဲက အက်ဆစ်တွေ အပေါ်ကို ပြန်တက်လာတာတွေ ဖြစ်စေနိုင်ပါတယ်။
ညဘက် ကောင်းကောင်း အိပ်မပျော်တာကြောင့် ကားမောင်းရင်း အိပ်ပျော်သွားစေနိုင်ပါတယ်။ OSA ဖြစ်တဲ့ လူတွေဟာ သာမန်လူတွေထက် ယာဉ်မတော်တဆမှု ဖြစ်နိုင်ချေ ၅ ဆ ပိုများပါတယ်လို့ စစ်တမ်းတွေက ပြောပါတယ်။
>> ဘယ်လို ကုသကြမလဲ?
CPAP လို့ခေါ်တဲ့ မျက်နှာဖုံးတပ် စက်တစ်မျိုးကို အိပ်တဲ့အခါ တပ်ထားရင် အသက်ရှူလို့ ကောင်းစေပြီး အိပ်ရေးဝဝ အိပ်စက်စေနိုင်ပါတယ်။ တခြားနည်းလမ်းတွေကတော့ ဆေးသောက်တာ၊ ခွဲစိတ်တာ တို့ရှိပါတယ်။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ကုသသင့်ပါတယ်။
Dr. Htar (www.drmyanmar.com)















