အကြိတ်တွေ ရောင်တိုင်း ကင်ဆာလား
အကြိတ်ရောင်တာနဲ့ ကင်ဆာဖြစ်နေပြီလားလို့ စိုးရိမ်စရာ မလိုပါဘူး။ ရောဂါပိုး ဝင်ရင် (သို့) ခုခံအားစနစ်ကို သက်ရောက်တဲ့ ရောဂါတစ်ခုခုကြောင့် အကြိတ်ရောင်တတ်ပါတယ်။
တစ်ခါတလေကျတော့ ကင်ဆာဆဲလ်တွေက သွေးစီးကြောင်းအတိုင်း သွားပြီးတော့ အကြိတ်မှာ အဆုံးသတ်သွားတာ (သို့) အကြိတ်ကနေ စဖြစ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။
>> အကြိတ် ဘာလို့ရောင်တာလဲ?
ခန္ဓာကိုယ်တစ်လျှောက် - လည်ပင်းမှာ၊ ချိုင်း၊ ပေါင်ခြံ၊ ရင်ဘတ်အလယ်ခေါင်နဲ့ ဝမ်းဗိုက်တွေမှာ ပဲစေ့ပုံစံ အကြိတ်လေးတွေ ၆၀၀ ကျော် ရှိပါတယ်။ ဒီအကြိတ်တွေက ခုခံအားဆဲလ်တွေကို သိုလှောင်ပေးပြီးတော့ ပိုးမွှားတွေ၊ ပျက်စီးသေဆုံးသွားတဲ့ ဆဲလ်တွေနဲ့ တခြားခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ပေးပါတယ်။
အကြိတ်ရောင်တယ်ဆိုတာက အလုပ် အရမ်းလုပ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို ရောဂါပိုး ဝင်လို့လည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ပြဿနာရှိတဲ့နေရာနဲ့ နီးတဲ့အကြိတ်တွေက ရောင်တာများပါတယ်။ ဥပမာ - လည်ချောင်းနာရင် လည်ပင်းက အကြိတ်တွေ ရောင်မယ်၊ ရင်သားကင်ဆာဖြစ်ရင် ချိုင်းက အကြိတ်တွေ ရောင်ပါမယ်။
ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများက အကြိတ်တွေ ရောင်နေရင်တော့ ခန္ဓာကိုယ် တစ်လျှောက်လုံးမှာ ပြဿနာရှိနေလို့ ဖြစ်နိုင်ပါတယ်။ ရေကျောက်၊ HIV, သွေးကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ်။
အကြိတ်ရောင်တဲ့အခါမှာ လက်မဝက် (သို့) ဒီထက် ကြီးရင် ပုံမှန်မဟုတ်ပါဘူး။ ပြီးတော့ အရမ်းမာပြီးတော့ လှုပ်လို့မရတာ၊ နီနေတာ၊ အကြိတ်ပေါ်မှာ ပူနေတာတွေ မဖြစ်သင့်ပါဘူး။ ပြီးတော့ ရက်သတ္တ တစ်ပတ် အနည်းငယ်ကြာရင် ပျောက်သွားသင့်ပါတယ်။
>> ဆရာဝန် သွားပြသင့်တဲ့ အခြားလက္ခဏာတွေကတော့ -
● အသက်ရှူရခက်၊ အစာ မျိုချရခက်ခြင်း
● ညဘက် ချွေးတွေ ထွက်ခြင်း
● ဆက်တိုက်ဖျားခြင်း
● သူ့အလိုလို ပိန်လာခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း စတာတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသပြီးတော့ စစ်ဆေးမှု ခံယူသင့်ပါတယ်။
>> ရောဂါရှာဖွေ ဖော်ထုတ်ခြင်း
ဆရာဝန်က ကြောင်ကုတ်ခံရဖူးလား၊ သန်းကိုက်ခံရဖူးလား၊ မကျက်တကျက် ချက်ထားတဲ့ အသားတွေ စားထားလား၊ အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုတွေ ရှိလား၊ တချို့သောနေရာတွေကို ခရီးသွားထားသေးလား စတဲ့ မေးခွန်းတွေမေးပြီးတော့ ခန္ဓာကိုယ်ကိုလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ ပြီးတော့ ဘာဆေးတွေ သောက်နေတယ်ဆိုတာနဲ့ တခြားဘာလက္ခဏာတွေ ခံစားနေရသေးလဲဆိုတာတွေပါ မေးပါလိမ့်မယ်။
အသက် ၄၀ ကျော်အရွယ်မှာ ညှပ်ရိုးနား (သို့) လည်ပင်းအောက်နားမှာ အကြိတ်ရောင်ရင်တော့ ကင်ဆာဖြစ်နိုင်ချေ များပါတယ်။ ညာဘက်မှာဆိုရင် အဆုတ်၊ အစာပြွန်၊ ဘယ်ဘက်မှာဆိုရင် ဗိုက်ထဲက အင်္ဂါတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ လက်မောင်းမှာ အနာတွေ၊ အစက်တွေမရှိဘဲနဲ့ ချိုင်းမှာ အကြိတ်တွေ့ရင်လည်း သံသယ ရှိပါတယ်။
အကြိတ်ရောင်တာက ကင်ဆာလို့ ထင်ရင်တော့ လိုအပ်တဲ့စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုပါတယ်။ လိုအပ်ရင် အသားစယူပြီး စစ်ဆေးဖို့လည်း လိုပါတယ်။
အကြိတ် အနည်းငယ်ပဲ ရောင်တာ ဆိုရင်တော့ FBC လို့ခေါ်တဲ့ သွေးစစ်ပြီးတော့ သွေးဖြူဥတွေကို စစ်ဆေးနိုင်ပါတယ်။
အဓိက ကတော့ သံသယရှိပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီးတော့ စစ်ဆေးပါ။ ကင်ဆာဖြစ်ခဲ့မယ် ဆိုရင်တောင်မှ စောစောသိရင် ကုလို့ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















