အစာချေပြဿနာများအကြောင်း
♦ နာတာရှည် ဝမ်းချုပ်ခြင်း
အညစ်အကြေးတွေ စွန့်ထုတ်တဲ့နေရာမှာ ပြဿနာတွေ့နေတဲ့လက္ခဏာဖြစ်ပြီး ဒါက အူမကြီးကနေပြီးတော့ ကျန်တဲ့အစာချေလမ်းကြောင်းတစ်လျှောက်ကို မစင်တွေ ဆက်ပြီးမရွေ့နိုင်တော့လို့ ဖြစ်ပါတယ်။ ဒီအခါမှာ ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်းနဲ့ ဝမ်းသွားတဲ့အကြိမ်ရေ နည်းသွားခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓာတ် လုံလောက်စွာစားခြငး်၊ ရေသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့က အထောက်အကူ ပြုနိုင်ပါတယ်။ ပြင်းထန်လာရင်တော့ ဆေးတွေနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။
♦ အစားအစာကို လက်မခံနိုင်ခြင်း
အစာချေစနစ်က အချို့သောအစာတွေကို လက်မခံနိုင်တဲ့လို့ ဖြစ်ပါတယ်။ ဂျို့ထိုးခြင်း၊ အသက်ရှူပြဿနာတွေကို ဖြစ်စေတဲ့ အစားအစာ ဓာတ်မတည့်တာနဲ့ မတူတဲ့အချက်က ဒါက အစာချေတာကိုပဲ ထိခိုက်စေပါတယ်။
လက္ခဏာတွေကတော့ -
● ဗိုက်ကယ်ခြင်း၊ ဗိုက်ရစ်ပြီးနာခြင်း
● ဝမ်းလျှောခြင်း
● ခေါငး်ကိုက်ခြင်း
● ရင်ပူခြင်း
● ဂဏှာမငြိမ်ဖြစ်ခြင်း
● လေထခြင်း
● အန်ခြင်းတို့ ဖြစ်ကြပါတယ်။
စားနေကျအစားအစာတွေကို သေချာမှတ်ပြီး ပြင်ဆင်ခြင်းအားဖြင့် ရောဂါကို ဆန်းစစ်နိုင်ပါတယ်။ ဘာတွေစားလဲ၊ ဘယ်အချိန်မှာစားလဲဆိုတာကို မှတ်ထားခြင်းဖြင့် ဘယ်အစားအစာတွေက ရောဂါကို ပိုဆိုးစေလဲဆိုတာကို သိနိုင်ပါတယ်။
Celiac disease လို့ခေါ်တဲ့ ခုခံအားရောဂါတစ်မျိုးကလည်း အစားအစာ လက်မခံနိုင်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါက ဂျုံ၊ ဘာလီတွေထဲမှာပါတဲ့ gluten ဆိုတဲ့ ပရိုတင်းတစ်မျိုးကို စားရင် အစာချေပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ Celiac disease ရှိတဲ့သူတွေက ရောဂါလက္ခဏာတွေ သက်သာစေဖို့နဲ့ အူသိမ်ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို့အတွက် gluten မပါတဲ့ အစားအစာတွေကို စားသုံးရပါမယ်။
♦ အစာအိမ်ထဲမှ အက်ဆစ်များ အပေါ်ပြန်ကန်တက်ခြင်း
အရွယ်ရောက်ပြီးသူ အများစုမှာ ရင်ပူခြင်းကို ခံစားကြရလေ့ရှိပါတယ်။ ဒါက အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်ထက်ပြီးတော့ ရင်ဘတ်အောင့်စေကာ အဖြစ်များတာကတော့ ရင်ပူတာအနေနဲ့ လာတတ်ပါတယ်။ မကြာခဏ ရင်ပူနေခြင်းက နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်စေပြီးတာ့ အစာပြွန်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ -
● ရင်ဘတ်ထဲတွင် မအီမလည်ဖြစ်ခြင်း
● ချောင်းခြောက်ဆိုးခြင်း
● ပါးစပ်ထဲတွင် ချဉ်သောအရသာရခြင်း
● လည်ချောင်းနာခြင်း
● အစာမျိုချရခက်ခဲခြင်း တို့ဖြစ်ကြပါတယ်။
ရင်ပူတာကို ဆေးဝါးတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။
♦ အူရောင်ရမ်းခြင်း
ဒါကတော့ နာတာရှည် အူရောင်ရမ်းတာကိုခေါ်ပြီး အစာချေလမ်းကြောင်းရဲ့ တစ်နေရာနဲ့အထက်ကို ထိနိုင်ပါတယ်။ အူရောင်ရမ်းခြင်းအမျိုးအစား (၂) မျိုး ရှိပါတယ်။
● Crohn’s disease - အစာအိမ်နဲ့ အူလမ်းကြောင်းတစ်ခုလုံးကို ထိပေမယ့်လည်း အများအားဖြင့် အူသိမ်နဲ့ အူမကြီးမှာ အဖြစ်များပါတယ်။
● အူရောင်ရမ်းနာ - အူမကြီးမှာပဲ ဖြစ်ပါတယ်။
အူရောင်ရမ်းခြင်းကြောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းစတဲ့ အဖြစ်များတဲ့ အစာချေပြဿနာတွေကို ဖြစ်စေပါတယ်။
အခြားလက္ခဏာတွေကတော့ -
● ပင်ပန်းနွမ်းနယ်ခြင်း
● ဝမ်းသွားလို့မဝခြင်း
● အစာစားချင်စိတ် မရှိခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း
● ညဘက်တွင် ချွေးထွက်ခြင်း
● စအိုမှသွေးထွက်ခြင်း တို့ ဖြစ်ကြပါတယ်။
အူရောင်ရမ်းခြင်းကို မြန်နိုင်သလောက် မြန်မြန်ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ စောစောကုသခြင်းက မအီမသာဖြစ်ခြင်းတွေကို လျော့ကျစေရုံသာမက အစာအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်ပျက်စီးခြင်းတွေကိုလည်း နည်းပါးစေပါတယ်။
♦ ဖြစ်နိုင်ချေရှိသော ပြင်းထန်အခြေအနေများ
တချို့လက္ခဏာတွေက ပိုပြင်းထန်ပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုတယ်ဆိုတာကို ပြသပါတယ်။
● သွေးဝမ်းသွားခြင်း
● ဆက်တိုက်အန်နေခြင်း
● ဗိုက်ပြင်းပြင်းထန်ထန် အောင့်ခြင်း
● ချွေးအရမ်းထွက်ခြင်း
● ရုတ်တရက် အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျဆင်းခြင်း စတာတွေက ရောဂါပိုးဝင်ခြင်း၊ သည်းခြေအိတ် ကျောက်တည်ခြင်း၊ အသည်းရောင်ခြင်း၊ အတွင်းမှာ သွေးထွက်နေခြင်း (သို့) ကင်ဆာရောဂါ စတာတွေရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
♦ သိမှတ်စရာ
အစာချေပြဿနာတွေကို ကုထုံးတွေ၊ နေထိုင်မှုပုံစံ အပြောင်းအလဲတွေနဲ့ ကျော်လွှားနိုင်ပါတယ်။ အချို့ရောဂါတွေက အချိန်ကြာပေမယ့်လည်း ဆေးဝါးတွေက လက္ခဏာတွေကို သက်သာစေပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း အထူးကုနဲ့ပြသပြီး ရောဂါကို သေချာရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ရောဂါ စောစော သက်သာစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















