/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာ-အဆိပ်သင့်တာ-ကာကွယ်ကြမယ်

အစာ အဆိပ်သင့်တာ ကာကွယ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစာ အဆိပ်သင့်ရင် အထက်လန် အောက်လျှောဖြစ်၊ ဗိုက်လည်း နာတာကြောင့် လူတိုင်း ကြောက်ကြပါတယ်။ ဒီတော့ အစာ အဆိပ်မသင့်စေဖို့ အသေးအဖွဲလို့ ထင်ရတဲ့အရာတွေ ပြုပြင်ကြရအောင်။

•        အစာကို ကျက်အောင် ချက်ပြုတ်ပါ။ အသား၊ ငါးတွေကို နူးမြည့်နေအောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးသင့်ပါတယ်။ အမဲသားနဲ့ ၀က်သားဟာ အသားနူးဖို့အတွက် အပူချိန်မြင့်မြင့်နဲ့ ချက်ဖို့လိုပါတယ်။

•        အသားစိမ်းလှီးတဲ့ စဉ်းတီတုံးကို သီးသန့်ထားပါ။ သုံးပြီးတိုင်း ရေဆေးပြီး အခြောက်ခံပါ။

•        ပန်းကန်ခွက်ယောက်တွေကို ဆပ်ပြာနဲ့ ရေနိုင်နိုင်နဲ့ ဆေးကြောပြီးရင် ပန်းကန်စင်ပေါ်မှာ စောင်းထောင်ပြီး ခြောက်သွေ့စေသင့်ပါတယ်။

•        လက်နှီး၀တ်တွေ သုတ်တဲ့အ၀တ်တွေကို မှန်မှန်လျှော်ဖွပ်ပါ။

•        အသီးအနှံတွေကို မစားမီ ရှာလကာရည် အနည်းငယ်နဲ့ ရေပေါပေါနဲ့ စိမ်ပြီး လောင်းချပြီး ဆေးပါ။ အစိမ်းစားမယ်ဆို သေချာဆေးကြောပါ။

•        မှိုတွေ၊ ပျားရည်တွေ၊ စည်သွတ်ဘူးတွေဟာ အလွယ်တကူ အစာ အဆိပ်သင့်စေနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါတယ်။ သက်တမ်းလွန် စည်သွတ်ဘူးတွေကို ပစ်လိုက်ပါတော့။

•        လက်ကို စင်ကြယ်အောင် ဆေးပါ။ 2 မိနစ်လောက် ဆပ်ပြာများများနဲ့ ပွတ်ပြီးဆေးမှ ပိုးသေစေတာပါ။

•        ကလေးတွေကိုလည်း လက်ဆေးနည်း သင်ပါ။ အစာမစားမီ လက်ဆေးဖို့ သူတို့ သိပါစေ။

•        ဟင်းတွေကို ပြန်နွှေးတဲ့အခါ မကျက်တကျက် ပြန်မနွှေးပါနဲ့။ ပွက်ပွက်ဆူပါစေ။ အနံ့ထွက်နေတဲ့ ထမင်း ဟင်းတွေ၊ အမှည့်လွန် ဟင်းသီးဟင်းရွက်တွေကို မနှမျှောပါနဲ့တော့။

•        အစားအစာတိုင်းကို ဖုံးအုပ်ထားစေလိုပါတယ်။ သန့်ရှင်းတဲ့အုပ်ဆောင်းတွေ၊ ဆန်ခါတွေကို သုံးပါ။

          ဒီရာသီမှာ အစာ အဆိပ်မသင့်စေဖို့ ဖော်ပြပါ အခြေခံအချက်လေးတွေ လိုက်နာခြင်းအားဖြင့် ကျန်းမာလန်းဆန်းကြပါစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)