အထီးကျန်တာကို သတိရှိရှိ ရင်ဆိုင်ကြမယ်
အောင်မြင်ချိန်မှာ အထီးကျန်တယ်တဲ့။ မိဘဆွေမျိုး၊ မောင်နှမတွေကြားမှာ အထီးကျန်သတဲ့။ သူငယ်ချင်းတွေ အများကြီးကြားမှာ အထီးကျန်သတဲ့။ စိတ်ထဲမှာ တစ်ယောက်တည်းပဲ သက်သာသလို နေချင်မိတာ လူရှိလည်း စိတ်က တခြားရောက်၊ ဘေးမှာ လူမရှိလည်း စိတ်ထဲနေလို့်မကောင်း ဒီလိုတွေ စတင်ခံစားနေရပြီလား။ တကယ်တော့ အထီးကျန်တယ်ဆိုတာ လူတိုင်း ကြုံတွေ့ရတတ်တဲ့ ခံစားမှုသက်သက်ပါ။
● ဒီအထီးကျန်တယ်ဆိုတဲ့အတွေးကို ဖျောက်ချင်ရင် ပထမဆုံးအနေနဲ့ ပရဟိတလုပ်ပါ။ ပရဟိတအဖွဲ့တွေနဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားပါ။ အစပိုင်းမှာ နည်းနည်း ကြောင်စီစီနိုင်ပေမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ပါ များလာတဲ့လူတွေမှာ စိတ်ပိုင်းဆိုင်ရာ အားငယ်တာတွေ ပျောက်သွားပြီး နေကောင်းလာကြတာ တွေ့ရပါတယ်။
● လေ့ကျင့်ခန်း ခန်းမသွားပါ။ အားကစားလုပ်တာဟာ ကိုယ်လုံးကျစ်လျစ်သန်မာစေရုံသာမက Gym မှာ မိမိနဲ့ စိတ်ကိုယ်ကိုယ်တူ ဝါသနာတူတွေ တွေ့ပြီး နေလို့သက်သာသွားမှာပါ။ ပြီးတော့ လေ့ကျင့်ခန်း မှန်မှန်လုပ်သူတွေဟာ သွက်လက်ကျန်းမာပြီး စိတ်ခံစားချက် ကောင်းလာကြတယ်လေ။
● ဘာသာရေး လုပ်စေချင်ပါတယ်။ ဘာသာတရားအပေါ် ရိုသေလေးစား ကိုင်းရှိုင်းခြင်းဟာ နောင်ဘဝအတွက်သာမက လက်ငင်းဘဝအတွက်ပါ အထီးကျန်ခြင်း ကင်းဝေးပြီး အကောင်းမြင်ဝါဒတွေ တိုးပွားလာစေပါတယ်။
● ပန်းခြံတွေမှာ လမ်းလျှောက်ပါ။ တစ်ယောက်တည်း ရှုခင်းကြည့်ပါ။ တစ်ယောက်တည်း ဖြစ်နေတဲ့အခါ လှပသာယာတဲ့ ရှုခင်းရှုကွက်တွေကို အလေးထား ခံစားကြည့်ရှုရင်း လောကကို ကျေးဇူးတင်တဲ့ စိတ်ကူးစိတ်သန်းလှလှလေးတွေနဲ့ ပြန်လည်လန်းဆန်းတက်ကြွစေပါတယ်။
● ခွေးလေး၊ ကြောင်လေးတွေ မွေးပါ။ သူတို့လေးတွေနဲ့ အတူရှိနေရတာ ကမ်ဘာပေါ်မှာ အလှပဆုံးခံစားချက်ပါလို့ ခွေးချစ်သူ၊ ကြောင်ချစ်သူတွေက ရင်ဖွင့်တတ်ပါတယ်။ အတူရှိတိုင်း တယုတယ ပွတ်သတ်ပေးရင်း ပြေးလွှားဆော့ရင်း သူတို့လေးတွေဆီက မပူမပင် ငြိမ်းချမ်းမှုကို အရယူကြည့်ပါဦး။
● စိတ်ဝင်စားစရာ အစီအစဉ် ပရောဂျက်တစ်ခု ဖန်တီးပါ။ ဥပမာ - ကိုယ့်သာ အရာရာ ဖန်တီးနိုင်မယ်ဆိုရင် ဘာစလုပ်မလဲဆိုတဲ့ ခံစားချက်လေးနဲ့ ရေးကြည့်ပါ။ ပုံလှလှလေးတွေ ထည့်ပါ၊ ရောင်စုံခဲတံလေးနဲ့ ခြယ်ပါ။ ဥပမာ - ဘယ်နေရာမှာ ပန်းခြံအကြီးကြီး ဆောက်ချင်တယ် ... တစ်အိမ်လုံးမှာ ကမ်ဘာကျော်ပန်းချီကားတွေ ချိတ်ပစ်လိုက်မယ်ဆိုတာမျိုး။ စိတ်ကူးယဉ်ပရောဂျက်လေးတွေ ရေးဆွဲရင်း အလိုလို ပျော်မွေ့လာမှာ မုချပါ။
● အလှပြင်ခန်းမ မကြာခဏသွားပါ။ ဟုတ်ပါတယ်။ ပိုက်ဆံ နည်းနည်းကုန်ပေမယ့် ကိုယ့်ကိုယ်ကို လှအောင်ပြင်တာလောက် အထီးကျန်တာကို သက်သာစေတာ မရှိတော့ပါဘူး။ မိမိအသားအရေကို လက်ခြေထောက် ဆံပင်ပေါင်းတင်ရင်း အလှပြင်ဆရာမနဲ့ စကားစမြည်ပြောရင်း အချိန်ကုန်ပါစေ။ တစ်နေ့တခြား ပိုလှပိုတောက်ပလာတဲ့ မိမိကိုယ်မိမိကြည့်ရင်း ပျော်ရွှင်ကျေနပ်တဲ့ခံစားချက်ကို မွေးမြုလိုက်ပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















