အမြင့်ကြောက်ရောဂါ
ဘာကြောင့်မှန်းမသိဘဲနဲ့ အမြင့်ကို အလိုလို ကြောက်နေပါသလား။ ကိုယ့်မှာ အမြင့်ကြောက်ရောဂါ ရှိနေတာလားဆိုတာကို ဒီအချက်တွေနဲ့ တိုက်ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်းကြမလဲ အဖြေ ရှာကြရအောင်။
မြေကြီးကနေပြီးတော့ အမြင့်ရောက်သွားပြီဆိုတာနဲ့ ကြောက်နေပြီလား။ အထပ်မြင့်တွေမှာ အစည်းအဝေးတွေလုပ်ရင် သေလောက်အောင် ကြောက်နေလား။ ကားစီးရင်တောင် အမြင့်တက်တာနဲ့ ကြောက်လို့ မျက်လုံးတွေ ပိတ်ထားတာ၊ လှေကားလေးပေါ်မှာ ရပ်တာတောင်မှ ကြောက်နေတယ် ဆိုရင်တော့ လူဦးရေ 5% လောက်မှာ ခံစားနေရတဲ့ အမြင့်ကြောက်ရောဂါကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
အမြင့်ကြောက်ရောဂါကို Acrophobia လို့ခေါ်ပြီးတော့ ဂရိစကားလုံးကနေ ဆင်းသက်လာတာပါ။ ဒီအမြင့်ကြောက်ရောဂါ ခံစားနေရသူတွေက တောင်ကုန်းမြင့်မြင့်တွေပေါ်မှာ ရပ်ဖို့ကြောက်တယ်၊ စက်လှေကားပေါ်တွေ၊ မှန်နဲ့လုပ်ထားတဲ့ အပြင်ကိုမြင်ရတဲ့ ဓာတ်လှကေားတွေ စီးရမှာတောင် ကြောက်ကြပါတယ်။ ဒီလို မသက်မသာ ခံစားချက်တွေကြောင့်ပဲ အမြင့်ကြောက်သူတွေက အမြင့်ကို ရှောင်လာကြပါတယ်။
အဲဒီမှာ ပြဿနာရှိတာက အမြင့်ကို ရှောင်ရတာက ဘဝအရည်အသွေးမှာပါ လာထိခိုက်တာဖြစ်ပြီးတော့ လှေကားတက်ရမှာ ကြောက်လို့ အိမ်ပြုပြင်ထိန်းသိမ်းတာတွေ မလုပ်ဘဲနေတာ၊ ဟိုတယ်တည်းရင်လည်း အထပ်မြင့်တွေမှာကျရင် ကြောက်တာတွေဖြစ်ပြီးတော့ တောင်တက်တာတွေစတဲ့ ပျော်စရာအလုပ်တွေတောင်မှ မလုပ်တာတွေ ဖြစ်လာပါလိမ့်မယ်။ အမြင့်ကြောက်တာက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ၂ ဆ ပိုပြီးအဖြစ်များပါတယ်။
>> အမြင့်ကြောက် ရောဂါလက္ခဏာများ
တချို့က အမြင့်ရောက်ရင် ကြောက်တယ်လို့ မပြောဘဲနဲ့ ခေါင်းတွေ မူးဝေဝေဖြစ်လာတယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါကလည်း တကယ်တော့ အမြင့်ကြောက်လို့ ဖြစ်တာပါပဲ။ တခြားလက္ခဏာတွေကတော့ -
● မြေကြီးကနေ အမြင့်ကိုရောက်လာပြီဆိုတာနဲ့ ချက်ချင်း ထိုင်ချချင်စိတ်တွေ၊ လေးဖက်ထောက်ချင်စိတ်တွေ ပေါက်လာတာ
● တုန်လာတာ
● ချွေးတွေ ပြန်လာတာ
● အရမ်းကြောက်ပြီး ခြေတွေ၊ လက်တွေ မလှုပ်နိုင်တော့လာ
● နှလုံးတွေ အရမ်းခုန်တာ
● ငိုယို၊ အော်ဟစ်
● အသက်မရှူနိုင်လောက်အောင် ကြောက်ရွံ့တာ
● မြေကြီးကနေ အမြင့်ကိုရောက်တာနဲ့ ခေါင်းကိုက်၊ မူးဝေတာ
>> အမြင့်ကြောက်ရောဂါ ဖြစ်စေသော အကြောင်းအရင်းများ
အမြင့်ကနေ ပြုတ်ကျပြီးတော့ ထိခိုက်ဒဏ်ရာတွေ ရမှာကြောက်ရာကနေပြီးတော့ အမြင့်ကြောက်ရောဂါက အခြေခံလာပါတယ်။ အမြင့်ကနေပြုတ်ကျပြီးတော့ နာကျင်မှုတွေ ခံစားဖူးရင်တော့ နဂိုကြောက်တဲ့စိတ်ကို ပိုဆိုးစေတာပေါ့။ လူတိုင်းလိုလိုကတော့ မြင့်တဲ့နေရာတွေ ရောက်သွားရင် ကြောက်စိတ်ဖြစ်ကြတာပါပဲ။ ဒီထဲကမှ အမြင့်ကြောက်ရောဂါ ရှိတဲ့သူတွေမှာကျတော့ ပိုဆိုးပြီးတော့ အလွန်အကျွံ ဖြစ်တာပေါ့။ ကျွမ်းကျင်သူအချို့ကတော့ အရင်က ပြုတ်ကျဖူးလို့ (သို့) အမြင့်ရောက်ပြီဆိုတာနဲ့ အာရုံကြော တုံ့ပြန်မှုတွေကြောင့်ဖြစ်ရတာလို့ ဆိုကြပါတယ်။
>> ကုထုံးများ
ဒီအမြင့်ကြောက်တဲ့ဝေဒနာက မပျောက်နိုင်တာ မဟုတ်ပါဘူး၊ ကျော်လွှားနိုင်ပါတယ်။ သူ့ရဲ့အဓိကကုထုံးကတော့ CBT လို့ခေါ်တဲ့ အမြင့်ကြောက်ရောဂါရှိတဲ့သူကို အမြင့်နဲ့ ဖြည်းဖြည်းချင်း ထိတွေ့စေပြီးတော့ ကုတဲ့ကုထုံးပါ။ တကယ့်အမြင့်ကို ထိတွေ့ပေးတာက ထိရောက်သလို အမြင့်လို့ထင်ရအောင် ဖန်တီးထားတဲ့နေရာတွေနဲ့ ထိတွေ့ပေးတာကလည်း ထိရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဆေးအနေနဲ့ဆိုရင်တော့ ခဏတာ စိတ်လှုပ်ရှားမှုတွေ၊ ကြောက်စိတ်တွေ သက်သာစေဖို့အတွက် beat blockers, စိတ်ငြိမ်ဆေး စတာတွေ ပေးလို့ရပါတယ်။
>> ကိုယ်ကိုယ်တိုင်ပြင်ဆင်ဖို့ရာ ...
● ကိုယ့်ရဲ့ကြောက်စိတ်ကို ဖြေဖျောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို တတ်နိုင်သမျှလေ့လာပါ။ ငါ့မှာ အမြင့်ကြောက်စိတ် ရှိတယ်ဆိုတာကို ကိုယ့်ဟာကို သိအောင်လုပ်ပြီးတော့ ဒါကိုသက်သာစေဖို့အတွက် ကုထုံးတွေကို လိုက်ရှာရပါမယ်။
● စိတ်ကို လျှော့ချပါ။ တရားထိုင်ခြင်း၊ ရောဂ၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ ကြွက်သား ဖြေလျှော့တဲ့ လေ့ကျင့်ခန်းတွေ အပါအဝင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်မယ့် နည်းစနစ်တွေကို လုပ်ကြည့်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
● ဆရာဝန်ကို ကိုယ့်ခံစားနေရတဲ့ လက္ခဏာတွေ ပြောပြပြီးတော့ ဆွေးနွေးပါ။ လိုအပ်ရင် ဆရာဝန်က စိတ်ရောဂါအထူးကုနဲ့ ပြဖို့ ညွှန်ပါလိမ့်မယ်။
● သိထားဖို့က ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ်ဘာပေါ်မှာ ဒီလိုခံစားနေရတဲ့သူတွေ အများကြီးရှိလို့ ပြောပြပြီးတော့ အကူအညီတောင်းဖို့ကို မရှက်ပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















