အရေပြားကင်ဆာအကြောင်း သင် ဘာတွေသိထားလဲ
သင့်ကိုယ်ပေါ်က မှဲ့တွေ အရောင်ပြောင်းသွားတာမျိုး အရွယ်ပိုကြီးလာတာမျိုး သတိထားမိပါက မပေါ့ဆဘဲ သေချာစောင့်ကြည့်ဖို့ လိုအပ်နေပါပြီနော်။
အရေပြားကင်ဆာဟာ အမေရိကန်နိုင်ငံမှာအဖြစ်အများဆုံး ကင်ဆာတစ်မျိုးဆိုလည်း မမှားပါဘူး။ အရေပြားကင်ဆာလို့ဆိုရာမှာ နေရောင်ကြောင့်ဖြစ်သော Basal cell cancer နဲ့ Squamous cell cancerတို့ဟာ အဖြစ်အများဆုံး ဖြစ်နေပါတယ်။
မှဲ့ကင်ဆာကတော့ အန္တရာယ်အရှိဆုံး အရေပြားကင်ဆာဖြစ်ပြီး နေရောင်ကလာတဲ့ ခရမ်းလွန်ရောင်ချည်များကြောင့် အများဆုံး ဖြစ်ပေါ်ပါတယ်။
ဒါကြောင့် နေပူဆာလှုံတဲ့နာရီကြာလေ မှဲ့ကင်ဆာဖြစ်နိုင်ချေ မြင့်တက်လေဖြစ်လို့ နေပူဆာလှုံသူများ အသားအရေလှအောင် နေရောင်ခံသူများ အထူးသတိထားသင့်ပါတယ်။
ဒါဆိုရင် ဒီလိုကြောက်စရာကောင်းတဲ့ အရေပြားကင်ဆာ မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်ကြမလဲ။ နည်းလမ်းလေးတွေကတော့ လွယ်ကူပါတယ်။
>> အောက်ပါအချက်လေးတွေကို လိုက်နာဖို့ပါပဲ။
● Zinc oxide သို့မဟုတ် Titanium Dioxide ပါသော နေလောင်ကာခရင်မ်ကို နေ့စဉ်အသုံးပြုပါ။
● နေ့မွန်းတည့်နေရောင်ဖြင့် မထိတွေ့အောင်ရှောင်ပါ။
● နေပူထဲသွားရင် လက်ရှည်ဝတ်ပါ။ ထီး၊ ဦးထုပ်နဲ့နေကာမျက်မှန်များ တပ်ဆင်သင့်ပါတယ်။
● နေပူဆာလှုံခြင်းကို တတ်နိုင်သမျှရှောင်ပါ။
အရေပြားကင်ဆာကို ကာကွယ်ဖို့ အခြားနည်းလမ်းတွေအနေနဲ့ မိမိတွင်ရှိသောမှဲ့များကို အမြဲဂရုတစိုက်စောင့်ကြည့်ခြင်း၊ အရေပြားစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















