/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်-အလွန်အကျွံလုပ်ရင်-ဘာဖြစ်မလဲ

အလုပ် အလွန်အကျွံလုပ်ရင် ဘာဖြစ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. စိတ်ဓာတ်ကျခြင်း

          လတ်တလောလေ့လာမှုများအရ တနေ့မှာပုံမှန် 8 နာရီထက်ပိုပြီး အလုပ်လုပ်နေခြင်းက စိတ်ကျေ၀ဒနာဖြစ်နိုင်ချေကို နှစ်ဆမြင့်စေတယ်လို့သိရပါတယ်။ ဒါဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် တွေ့ဆုံခြင်း စတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရန် အချိန်အလုံအလောက်မရှိခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒါကြောင့် အလုပ်နားချိန်ရောက်ပါက လုပ်လက်စအလုပ်တွေကို လက်စသတ်ပြီး အလုပ်ချိန်၊ အနားယူချိန်ကို တိတိကျကျသတ်မှတ်ပြီး လိုက်နာဆောင်ရွက်ပါ။

2. အိပ်မပျော်ခြင်း

        The National Sleep Foundation မှ အလုပ်အလွန်အကျွံလုပ်ခြင်းနှင့် အိပ်စက်ခြင်းအပေါ်သက်ရောက်မှုကို ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုတခုပြုလုပ်ခဲ့ရာ တပတ်မှာ နာရီပေါင်း 50 ကျော် အလုပ်လုပ်သူရဲ့ 20% ခန့်ဟာ တစ်ညအိပ်ချိန် 6 နာရီထက် နည်းပါးတာကိုတွေ့ရပါတယ်။ အိပ်ရေးမဝခြင်းက မိမိရဲ့ရုပ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ယုတ်လျှော့ခြင်းကို ဖြစ်စေတဲ့အပြင် အခြားသော ကျန်းမာရေးပြဿနာတွေကိုပါဖြစ်စေတာကြောင့် အလုပ်လုပ်ရာတွင် လန်းဆန်းစေရန် အားပြည့်စေရန် နားရစေရန် မှန်မှန်အနားယူအိပ်စက်နိုင်အောင်ကြိုးစားပါ။

3. စိတ်ဖိစီးမှု

        လူအများစုက အလုပ်ကို ဖိစီးမှုတခုအနေနဲ့ မှတ်ယူလေ့ရှိပါတယ်။ အလုပ်ဝန်ပိခြင်း၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင် အဆင်မပြေခြင်းစတာတွေက စိတ်ဖိစီးမှုတွေကိုဖြစ်စေပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ မကြာခဏခံစားရခြင်းက သွေးတိုး၊ နှလုံးနဲ့ စိတ်ပိုင်းဆိုင်ရာေ၀ဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

4. မျက်စိညောင်းညာခြင်းနှင့် အခြားသောဝေဒနာများ

        ကွန်ပျူတာဖန်သားပြင်ကို အချိန်အတော်ကြာအောင်ကြည့်ရှု၍ အလုပ်လုပ်ရခြင်း၊ အစီရင်ခံစာဖတ်ရှုခြင်း၊ စမတ်ဖုန်းအသုံးပြု၍ စာတိုများပေးပို့ခြင်း၊ အလုပ်စားပွဲမှာထိုင်၍ ခေါင်းငုံ့ပြီးတချိန်လုံးအလုပ်လုပ်နေခြင်း စတာတွေက မျက်စိညောင်းညာခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ အမြင်မှုန်ဝါခြင်းတို့ကို ဦးတည်နေပါတယ်။

5. ဦးနှောက်စွမ်းရည်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများရှိလာခြင်း

        တူရိယာတခုခုတီးခတ်ခြင်း၊ ပဟေဋ္ဌိကစားခြင်း စတာတွေကအပျင်းပြေစေသလို ဦးနှောက်စွမ်းရည်ကို ဖွ့ံဖြိုးတိုးတက်စေတဲ့အရာဖြစ်သော်လည်း အလုပ်ချည်းသာဖိလုပ်နေပါက ဦးနှောက်ပိုင်းဆိုင်ရာစွမ်းရည်တွေကျဆင်းလာနိုင်ပြီး dementia ကဲ့သို့သော အပြုအမူနှင့် အဆင့်မြင့်အသိဉာဏ်ပိုင်းဆိုင်ရာ နာတာရှည်ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

6. အထိုင်များခြင်းကြောင့် အခြားသော ကျန်းမာရေးပြဿနာများ ရင်ဆိုင်လာရခြင်း

        ရုံးခန်းမှာအထိုင်များသူတွေဟာ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ကိုယ်လက်လှုပ်ရှားမှုအားနည်းပြီး အထိုင်များနေပြန်တာကို တွေ့ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် အ၀လွန်ခြင်းမှအစပြု၍ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ရောဂါဖြစ်ဖို့ အလားအလာပိုများလာပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com