အသက်ရှူစဉ် တရွီရွီမြည်ခြင်းကို ပျောက်ကင်းစေဖို့ အိမ်တွင်းနည်းလမ်းများ
များသောအားဖြင့် အသက်ရှူစဉ် တရွီရွီမြည်ခြင်းဟာ ပန်းနာရင်ကြပ်ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့လည်း အအေးမိခြင်း၊ ချွဲထခြင်း၊ လည်ချောင်းခြောက်သွေ့ခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းပြဿနာတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အောက်ပါအိမ်တွင်းနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
(၁) ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့ရဲ့ စိုစွတ်တဲ့အပူငွေ့များဟာ အသက်ရှူလမ်းကြောင်းကို ပြေလျော့စေပြီး အစိုဓာတ်ရရှိစေတဲ့အတွက် လေထုခြောက်သွေ့ခြင်းကြောင့် ဖြစ်သော အသက်ရှူထုတ်စဉ် တရွီရွီမြည်ခြင်းကို သက်သာစေပါတယ်။
ရေနွေးငွေ့ကို ရှူခြင်းအပြင် ရေနွေးပူဖြင့် ရေချိုးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ အခန်းတွင်းမှာ လေထုကို စိုစွတ်စေတဲ့ humidifier စက်များလည်း အသုံးပြုနိုင်ပါတယ်။
(၂) အရည်ပူပူနွေးနွေးများ နေ့စဉ်သောက်ပါ
ရေနွေးကြမ်းသောက်ခြင်း၊ သံပရာသီးကို ရေနွေးကြမ်းထဲ ညှစ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ နွားနို့၊ ချောကလက်များကတော့ ချွဲပိုထစေတဲ့အတွက် မသောက်တာ ပိုကောင်းပါတယ်။
(၃) ငုံဆေးပြားများငုံပါ
ပူရှိန်းဆေးပြားများနှင့် လည်ချောင်းကျန်းမာရေးအတွက် ထုတ်ထားသော ငုံဆေးပြားများကို ငုံခြင်းဖြင့် လည်ပင်းခြောက်ခြင်းကို သက်သာစေပြီး တရွီရွီမြည်သံများကို လျော့ပါးစေနိုင်ပါတယ်။
(၄) အသက်ရှူလေ့ကျင့်ခန်းများ
အဆုတ်အားကောင်းဖို့အတွက် လေကောင်းလေသန့်ရှူရှိုက်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းများအပြင် ယောဂကစားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(၅) ချင်းများများစားပါ
ဟင်းချက်ရာတွင် ချင်းထည့်ချက်ခြင်း၊ ရေနွေးဖြင့် ပြုတ်သောက်ခြင်းတို့ဖြင့် လည်ချောင်းနာခြင်းကို သက်သာစေပြီး အဆုတ်တစ်သျှူးတွေကိုလည်း ပိုမိုပြေလျော့စေနိုင်တဲ့အတွက် တရွီရွီမြည်သံတွေ သက်သာစေပါတယ်။
(၆) ဗီတာမင် စီ၊ ဒီ နှင့် အီး
လေ့လာချက်များအရ ဗီတာမင် စီ၊ ဒီ နှင့် အီးတို့ဟာ အဆုတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါကြောင့် ဗီတာမင်အားဆေးပြားများ သောက်ခြင်းနှင့် အသားငါးနှင့်အသီးအနှံများ စုံလင်အောင်စားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
(၇) ဆေးလိပ်ဖြတ်ပါ
အဆုတ်ကျန်းမာရေးအတွက် ဆေးလိပ်ကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ပန်းနာရင်ကြပ်နှင့် အခြားအဆုတ်ရောဂါရှိသူများအနေနှင့် ဆေးလိပ်သောက်မယ်ဆိုပါက အဆုတ်အခြေအနေ ပိုဆိုးလာနိုင်ပြီး တရွီရွီမြည်သံတွေ ကြားနေရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကိုဖြတ်ခြင်းဖြင့် အဆုတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















